U. A. E

ရေနံတင်ပို့သည့် နိုင်ငံများအသင်း(Organization of the Petroleum Exporting Countries-OPEC)မှ ယူအေအီးနိုင်ငံနုတ်ထွက်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးကွက်အပေါ် သက်ရောက်နိုင်မည့် အလားအလာများ

Last Updated:

ယူအေအီးနိုင်ငံသည် ရေနံတင်ပို့သည့် နိုင်ငံများအသင်း(OPEC)၏အဖွဲ့ဝင်နိုင်ငံအဖြစ်မှ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် တရားဝင်နုတ်ထွက်ခဲ့ပါသည်။ OPEC ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ဆယ်စုနှစ်များစွာရပ်တည်ခဲ့သော ယူအေအီးနိုင်ငံသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ပိုမိုအာရုံစိုက်ဆောင်ရွက်နိုင်ရန်အတွက် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။  

OPEC သည် ကမ္ဘာ့ရေနံဈေးကွက် တည်ငြိမ်မှုရှိစေရန်နှင့် ရေနံဈေးနှုန်းအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ရေနံထုတ်လုပ်မှုကို ကန့်သတ်သည့်မူဝါဒထားရှိမှုအပေါ် ယူအေအီးနိုင်ငံက ယခင်နှစ်များစွာကတည်းက မကျေနပ်မှုများရှိခဲ့ပါသည်။ အရှေ့အလယ်ပိုင်းဒေသ၌ အီရန်-အမေရိကန်-အစ္စရေးပဋိပက္ခမဖြစ်ပွားမီအချိန်တွင် ယူအေအီးနိုင်ငံ၏ ရေနံထုတ်လုပ်နိုင်စွမ်းမှာ တစ်ရက်လျှင် ရေနံစည် ၄.၈ သန်းခန့်သို့ တိုးတက်လာခဲ့ပါသည်။ OPEC ၏သဘောတူညီချက်အရ ယူအေအီးနိုင်ငံအား တစ်ရက်လျှင် ရေနံစည် ၃.၂ သန်းဝန်းကျင်အထိသာထုတ်လုပ်ခွင့်ပြုထားခြင်းဖြစ်ပါသည်။

ယူအေအီးနိုင်ငံသည် ၎င်း၏ရေနံထုတ်လုပ်နိုင်စွမ်းကို ၂၀၂၇ ခုနှစ်တွင် တစ်ရက်လျှင် ရေနံစည် ၅ သန်းအထိတိုးမြှင့်ရန်ရည်ရွယ်၍ ရေနံထုတ်လုပ်မှုကဏ္ဍ၌ အမေရိကန်ဒေါ်လာဘီလျံများစွာ ရင်းနှီးမြှုပ်နှံထားပြီး ထုတ်လုပ်နိုင်စွမ်းမြင့်မားလာသည်နှင့်အမျှ ယူအေအီးနိုင်ငံအတွက် ထုတ်လုပ်မှုကိုတာ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုမှုရှိခဲ့ပါသည်။

ယူအေအီးနိုင်ငံသည် အိုမန်ပင်လယ်ကွေ့ပေါ်တွင် တည်ရှိသော ၎င်း၏ ဖူဂျိုင်ရာဆိပ်ကမ်း(Fujairah Terminal)မှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခြင်းမပြုဘဲ ရေနံတင်ပို့နိုင်ပြီး ယခင်နှစ်တွင် အဆိုပါလမ်းကြောင်းမှ တစ်ရက်လျှင် ရေနံစိမ်းစည် ၁.၇ သန်းနှင့် သန့်စင်ပြီး လောင်စာဆီများကို တင်ပို့နိုင်ခဲ့ပါသည်။ သို့သော် ယူအေအီးနိုင်ငံအနေဖြင့် ကမ္ဘာ့ရေနံဝယ်လိုအား မြင့်တက်နေသည့်အချိန်တွင် ၎င်း၏ထုတ်လုပ်နိုင်စွမ်းအမြင့်ဆုံးကိုအသုံးပြု ၍တိုးမြှင့်တင်ပို့လိုသည့် ရည်မှန်းချက်ထားရှိပါသည်။

ယူအေအီးနိုင်ငံက OPEC မှ နုတ်ထွက်ခြင်းသည် အရှေ့အလယ်ပိုင်းပဋိပက္ခများပြီးဆုံးချိန်ကာလအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့ရေနံဝယ်လိုအားမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ပဋိပက္ခအလွန်ကာလတွင် ယူအေအီးနိုင်ငံအနေဖြင့် OPEC ၏ထိန်းချုပ်မှုမှ ကင်းလွတ်စွာဖြင့် ရေနံထုတ်လုပ်ရောင်းချနိုင်ရန်အတွက် စီးပွားရေးရှုထောင့်မှ လိမ္မာပါးနပ်စွာနုတ်ထွက်ခြင်းဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များကိုလည်း တွေ့ရှိရပါသည်။

အခြားတစ်ဖက်တွင်လည်း ယူအေအီးနိုင်ငံ OPEC မှ နုတ်ထွက်ခြင်းသည် အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများအကြား ပထဝီနိုင်ငံရေးအခင်းအကျင်း အထူးသဖြင့် ဆော်ဒီအာရေဗီးယားနှင့် ယူအေအီးနိုင်ငံတို့အကြား ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာခြင်း၏ထင်ရှားသောပြယုဂ်တစ်ခုအဖြစ် ယူဆချက်များကို လေ့လာတွေ့ရှိရပါသည်။ ယူအေအီးနိုင်ငံအနေဖြင့် စွမ်းအင်ဆိုင်ရာ မူဝါဒများကို ချမှတ်ရာတွင် ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့်အမှီအခိုကင်းသောမူဝါဒ(Independent Oil Strategy)ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့နုတ်ထွက်ခြင်းဖြစ်သည်ဟု သုံးသပ်ချက်များကိုလည်း တွေ့ရှိရပါသည်။

ကမ္ဘာ့ရေနံဈေးကွက်အပေါ် သက်ရောက်နိုင်မှု

ကျွမ်းကျင်သူများ၏အဆိုအရ OPEC မှ ယူအေအီးနိုင်ငံနှုတ်ထွက်ပြီးဖြစ်သော်လည်း ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ခံထားရပြီး လက်ရှိတွင် အခြားဒေသတွင်းနိုင်ငံများနည်းတူ ယူအေအီးနိုင်ငံမှ ရေနံတင်ပို့မှုကို အဆိုပါရေလက် ကြားမှ ပြုလုပ်နိုင်မည်မဟုတ်သဖြင့် ကမ္ဘာ့ရေနံဈေးကွက်အပေါ် ရုတ်ချည်းသက်ရောက်နိုင်မည့် အခြေအနေမရှိသေးကြောင်း သိရှိရပါသည်။ သို့သော် ပဋိပက္ခပြီးဆုံးသွားပြီး ဟော်မုဇ်ရေလက်ကြားမှ ရေနံတင်ပို့မှုများ ပုံမှန်အခြေအနေအတိုင်း ပြန်လည်လုပ်ဆောင်နိုင်ပါက ယူအေအီးနိုင်ငံသည် ယခင်ကထက် တရက်လျှင် ရေနံစည် ၁.၆ သန်း(ကမ္ဘာ့ရေနံတင်ပို့မှု၏ ၁.၅ ရာခိုင်နှုန်းခန့်)ကိုဈေးကွက်အတွင်းသို့ ပိုမိုတင်ပို့ရောင်းချနိုင်မည်ဖြစ်ရာ ကမ္ဘာ့ရေနံဈေးကွက် အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။

ယူအေအီးနိုင်ငံထုတ်သတင်းစာ The National ၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်မှာ OPEC ၏ရေနံထုတ်လုပ်မှု၌ ယူအေအီးနိုင်ငံသည် ၁၄ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုထားသဖြင့် ယူအေအီးနိုင်ငံ၏နုတ်ထွက်မှု သည် အနာဂတ်တွင် OPEC ၏ကမ္ဘာ့ရေနံဈေးကွက်အပေါ် လွှမ်းမိုးမှုအား အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိစေနိုင်ပါသည်။ ယူအေအီးနိုင်ငံအနေဖြင့် ရေနံထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်၍ ကမ္ဘာ့ဈေးကွက်သို့ ပိုမိုတင်ပို့ပါက အာရှဒေသတွင်းနိုင်ငံများအတွက် ရေနံပိုမိုဝယ်ယူရရှိနိုင်မည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်ပြီး ဈေးကွက်အတွင်း ဈေးနှုန်းယှဉ်ပြိုင်မှုများလည်း ရှိလာနိုင်ပါသည်။

Source: No more quotas: UAE's exit from Opec paves way for independent oil strategy | The National

UAE quits OPEC: What that means for the Gulf, energy markets and beyond | Oil and Gas News | Al Jazeera

(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: U. A. E