India (Kolkata)

AgriStack စနစ်ပေါင်းစပ်အကောင်အထည်ဖော်မှုနှင့်အတူ အနောက်ဘင်္ဂလားပြည်နယ်တွင် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးကဏ္ဍကို စတင်တော့မည်

Last Updated:

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပိုလျှံသည်အထိ ထုတ်လုပ်နိုင်စွမ်းရှိသော အနောက်ဘင်္ဂလားပြည်နယ်သည် အိန္ဒိယဗဟိုအစိုးရ၏ "ဒစ်ဂျစ်တယ်စိုက်ပျိုးရေးမစ်ရှင်"(Digital Agriculture Mission - DAM)တွင် ပါဝင်ပူးပေါင်းရန်သဘောတူညီချက်ရရှိလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဘတ်ဂျက်ရူပီးကုဋေ ၂,၈၁၇ ဖြင့်စတင်ခဲ့သည့် အဆိုပါမစ်ရှင်သည် နည်းပညာမြင့် ဒစ်ဂျစ်တယ်ကိရိယာများကို အသုံးပြု၍ လယ်ယာကဏ္ဍကို ခေတ်မီအောင်ပြောင်းလဲရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လယ်သမား ID ပေါင်း ၈၄.၈ သန်းကျော်ထုတ်ပေးထားပြီးဖြစ်ကြောင်းသိရှိရသည်။ အနောက်ဘင်္ဂလားပြည်နယ်တွင် ဘီဂျေပီ(BJP)ပါတီအာဏာရလာပြီးနောက်ပိုင်း ဗဟိုစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဆွေးနွေးမှုများအပြီးသတ်ရန် နီးစပ်နေပြီဖြစ်ကာ ပြည်နယ်အတွင်းရှိ လယ်သမား ၇.၂ သန်းခန့်ကို "AgriStack" ပလက် ဖောင်းပြောင်းလဲမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

၎င်းစနစ်ကြောင့် အစိုးရထောက်ပံ့ကြေးများ၊ သီးနှံအာမခံများနှင့် စိုက်ပျိုးရေးချေးငွေများကို လေလွင့်ဆုံးရှုံးမှုမရှိဘဲ အမှန်တကယ်လိုအပ်နေသည့် အသေးစားနှင့် အခြေခံတောင်သူများလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ဂြိုဟ်တုနှင့် မြေပြင်အချက်အလက်များကို အသုံးပြုသည့် Krishi Decision Support System ကြောင့် မြေဆီလွှာနှင့် ရေအရင်းအမြစ်အခြေအနေများကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ပြီး သီးနှံအထွက်နှုန်းတိုးတက်လာစေမည်ဖြစ်သော်လည်း ကျေးလက်ဒေသများတွင် ဒစ်ဂျစ်တယ်နည်းပညာတတ်ကျွမ်းမှုအားနည်းခြင်းနှင့် ဒေတာလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများရှိနေသေးကြောင်း ပညာရှင်များက ထောက်ပြထားကြကြောင်း သိရှိရသည်။

Source: The Economic Time : West Bengal set to embrace digital agriculture drive with AgriStack integration

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)