India (Kolkata)

အနောက်ဘင်္ဂလားတွင် အကြီးစားစက်မှုလုပ်ငန်းများထွန်းကားစေရေး မြေယာမူဝါဒအသစ်ချမှတ်ရန်နှင့် နိုင်ငံရေးစွက်ဖက်မှုများ အဆုံးသတ်ရန် BJP ဥက္ကဋ္ဌကတိပြု

Last Updated:

အနောက်ဘင်္ဂလားပြည်နယ်တွင် အကြီးစားစက်မှုလုပ်ငန်းများအဆင်ပြေချောမွေ့စွာဖော်ဆောင်နိုင်ရေးအတွက် မြေယာမူဝါဒအသစ်တစ်ရပ်ချမှတ်ရန် လိုအပ်ကြောင်း အနောက်ဘင်္ဂလားပြည်နယ် BJP ပါတီဥက္ကဋ္ဌ ဆာမစ်ဘာတာချာဂျာ(Samik Bhattacharya)က တိုက်တွန်းပြောကြားလိုက်ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း စီးပွား ရေးလုပ်ကိုင်ရန် ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရရှိစေမည်ဟု ကတိပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အနောက်ဘင်္ဂလားပြည်နယ်တွင် BJP ပါတီအာဏာရရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ကုန်သည်စက်မှု အသင်းသားများနှင့်တွေ့ဆုံရာတွင် "မြို့ပြမြေယာပိုင်ဆိုင်မှုကန့်သတ်ချက်ဥပဒေ"(Urban Land Ceiling Act)ကို ဖျက်သိမ်းနိုင်ခြေနှင့် စက်မှုလုပ်ငန်းရှင်များနှင့် ကော်ပိုရိတ်ကုမ္ပဏီကြီးများ၏ အဓိကတောင်းဆိုချက်ဖြစ်သော "စာချုပ်စနစ်သုံးစိုက်ပျိုးရေး"(Contract Farming)ကို စတင်အကောင်အထည်ဖော်မည်ဟု ပါတီဥက္ကဌမှပြောကြား ခဲ့ကြောင်း သိရှိရသည်။ ပညာရေးကဏ္ဍမှ စီးပွားရေးကဏ္ဍအထိ နယ်ပယ်အသီးသီးတွင် ပါတီမှ ကြားဝင်စွက်ဖက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်းနှင့် ယခုအဆိုပြုထားသည့် မြေယာမူဝါဒအသစ်သည် ဟာရီယာနာ(Haryana)နှင့် မဟာရဌရ်(Maharashtra)ကဲ့သို့သောပြည်နယ်များ၏ အောင်မြင်သောစီးပွားရေးမူဝါဒပုံစံများကို နမူနာယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ လက်ရှိအချိန်တွင် အနောက်ဘင်္ဂလားပြည်နယ်တွင် စာချုပ်စနစ်သုံးစိုက်ပျိုးရေးစနစ်ကို ခွင့်ပြုထားခြင်းမရှိသေးသော်လည်း မူဝါဒအသစ်ပြောင်းလဲမည့် ခြေလှမ်းသစ်သည် စိုက်ပျိုးရေးနှင့် စားသောက်ကုန်ကဏ္ဍများတွင် စီးပွားရေးလုပ်ငန်းကြီးများကို လာရောက်ရင်းနှီးမြှုပ်နှံရန်ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက သုံးသပ်ထားကြကြောင်း သိရှိရသည်။

ပြည်နယ်အတွင်း အရည်အချင်းရှိသည့် လူသားအရင်းအမြစ်များနှင့်ရင်းနှီးမြှုပ်နှံမှုအရင်းအနှီးများအလုံအလောက် ရှိသော်လည်း၊ စက်မှုထွန်းကားရေးအတွက် မှန်ကန်သည့် အတွေးအခေါ်နှင့် ပတ်ဝန်းကျင်ကောင်းကို မဖန်တီးနိုင်ခဲ့ခြင်းကြောင့် စက်မှုလုပ်ငန်းများဝင်ရောက်လာမှု အားနည်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ထို့ကြောင့် အစိုးရသစ်အနေဖြင့် အနောက်ဘင်္ဂလားသို့ ရင်းနှီးမြှုပ်နှံမှုများပြန်လည်စီးဆင်းလာစေရန် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းကို ဦးစားပေးဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Source: PSUWatch : Bengal BJP Chief advocates new land policy for large-scale industrialization

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)