၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုကျဆင်းနိုင်သည်ဟု ဟောင်ကောင်ဒေသတရုတ်ကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ Wingco Lo Kam-wing က ပြောကြားခဲ့ပါသည်။
အခွန်းနှုန်းထားများတိုးမြှင့်ကောက်ခံမှုဆိုင်းငံ့ကာလရက်(၉၀)အတွင်း ဟောင်ကောင်ဒေသမှကုန်ထုတ်လုပ်သူများ အနေဖြင့် ကုန်အမှာများကို ဆောလျင်စာတင်ပို့နိုင်ရေးလုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကုန်စည်တင်ပို့မှုကျဆင်းသွားမည်ဟု ခန့်မှန်းထားသော်လည်း မူဝါဒဆိုင်ရာမရေရာမှုများကြောင့် ကျဆင်းနိုင်သည့်ပမာဏကိုမခန့်မှန်းနိုင်ကြောင်း အမေရိကန်မှ တန်ပြန်ခွန်ကောက်ခံမှုယာယီရပ်ဆိုင်းသည့်ကာလကုန်ဆုံးရန် ရက်အနည်းငယ်အလိုတွင် ပြောကြားခဲ့ပါသည်။
တရုတ်နှင့်အမေရိကန်တို့အကြား ကုန်သွယ်ရေးဆွေးနွေးမှုများကြောင့် အပြန်အလှန်အခွန်နှုန်းထားများလျှော့ချခဲ့သော်လည်း ကုန်စည်အလိုက် သို့မဟုတ် လုပ်ငန်းအလိုက် သီးခြားအခွန်ကောက်ခံမှုများရှိနေသောကြောင့် ဟောင်ကောင်ဒေသမှတင်ပို့ကုန်များအတွက် အခွန်နှုန်းထားမှာ သိသိသာသာကျဆင်းမသွားကြောင်း၊ လုပ်ငန်းများအနေ ဖြင့် ပြီးခဲ့သည့်လအတွင်း အရှေ့အလယ်ပိုင်း(၄)နိုင်ငံသို့သွားရောက်ခဲ့ခြင်းအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးလမ်း ကြောင်းကို ဒေသစုံသို့ဖြန့်ကျက်နိုင်ရေးနှင့် တောင်အမေရိကန်၊ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်မှနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသောနိုင်ငံများသို့ ဈေးကွက်ထိုးဖောက်ဝင်ရောက်မှုဖြန့်ကျက်နိုင်ရေးအတွက် စီစဉ်နေကြောင်းပြောကြားခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံအများအပြားအပေါ် အကောက်ခွန် ၅၀ ရာခိုင်နှုန်းခန့်ကောက်ခံသွားမည်ဟု အမေရိကန်သမ္မတထရမ့်မှ ဧပြီလအတွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာ၌ အဆိုပါအခွန်းနှုန်ထားများတိုးမြှင့်ကောက်ခံမှုကို ရက်ပေါင်း(၉၀)ဆိုင်းငံ့ကြောင်းကြေညာခဲ့ပါသည်။ လာမည့်ဇူလိုင်လ ၉ ရက်နေ့တွင် သတ်မှတ်ရက် (၉၀)ပြည့်မည်ဖြစ်ပြီး နောက်ထပ်ဆိုင်းငံ့ပေးမည်မဟုတ်ကြောင်း သမ္မတထရမ့်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ဇွန်လကုန်ပိုင်းတွင် ပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် Hong Kong International Education and Careers Expo အပါအဝင် ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကုန်စည်ပြပွဲများပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွင်းပြလုပ်မည့်ကုန်စည်ပြပွဲများသို့ လာရောက်သူများပြားမည်ဟုယုံကြည်ကြောင်းနှင့် ဩဂုတ် ၁ ရက်မှ ၄ ရက်အတွင်း ကျင်းပသွားမည့် ဈေးရောင်းပွဲတော်တွင် ပြခန်းပါဝင်ပြသမှုစာရင်းပေးသွင်းမှုမှာလည်း ပြခန်းအားလုံးစာရင်းပေးသွင်းပြီးဖြစ်ကြောင်း၊ လက်လီရောင်းချမှုတွင် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး တစ်ဦးချင်းပျမ်းမျှသုံးစွဲမှုကျဆင်းနေသော်လည်း ခရီးသွားများနှင့် ကုန်စည်ပြပွဲများသို့လာရောက်သူများ ပိုမိုများပြားလာခြင်းကြောင့် သုံးစွဲမှုပုံစံအတွက် အထောက်အကူပြုမည်ဟု မျှော်လင့်ကြောင်း ပြောကြားပါသည်။
ထို့ပြင် CMA မှ ပူးပေါင်းကျင်းပသွားမည့် ကုန်စည်ပြပွဲကို ဆန်းသစ်တီထွင်မှုများပြုလုပ်၍ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ရန်နှင့် နိုင်ငံတကာခရီးသွားများအတွက် ဟောင်ကောင်ဒေသ၏ ထူးခြားသည့်သွင်ပြင်လက္ခဏာများကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Source: https://www.thestandard.com.hk/hong-kong-news/article/305918/
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)