Korea

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးပြန်လည်နလန်ထူလာသော်လည်း စည်းကြပ်ခွန်ဆိုင်ရာ စိုးရိမ်ဖွယ်ရာများ ဆက်လက်ရှိနေဆဲ

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်တွင် ၀.၂ ရာခိုင်နှုန်းကျုံ့သွားခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်းကျယ်ပြန်လာခဲ့ကြောင်း၊ ပြည်တွင်းသုံးစွဲမှုမြင့်မားလာခြင်းနှင့် ပို့ကုန်တင်ပို့မှုတိုးတက်လာခြင်းတို့ကြောင့် စီးပွားရေးပြန်လည်နလန်ထူလာခြင်းဖြစ်ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က ၂၄-၇-၂၀၂၅ ရက်နေ့တွင် ကြေညာခဲ့ပါသည်။    

တောင်ကိုရီးယားဗဟိုဘဏ်၏ ကြိုတင်ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ဇွန်လအထိကာလအတွင်း နိုင်ငံ၏စီးပွားရေးတိုးတက်မှုကိုတိုင်းတာသည့် “​ငွေ​ကြေး​ဖောင်းပွမှု​ကိုပါထည့်သွင်းစဥ်းစား၍ တွက်ချက်ထားသော စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန်(Real Gross Domestic Product- Real GDP) တန်ဖိုး”သည် ယခင်သုံးလပတ်ကာလ(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ)ကထက် ၀.၆၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ အဆိုပါတန်ဖိုးသည် တောင်ကိုရီးယားဗဟိုဘဏ်က ကနဦးခန့်မှန်းထားသည့်တန်ဖိုးထက် ၀.၁ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် နိုင်ငံ၏စီးပွားရေးသည် ၀.၅ ရာခိုင်နှုန်းသာတိုးတက်လာလိမ့်မည်ဟု ဗဟိုဘဏ်က မေလအတွင်း ကနဦးခန့်မှန်းထားခဲ့ပါသည်။

လက်ရှိတွင် စီးပွားရေးတိုးတက်မှုရှိလာသော်လည်း အမေရိကန်ပြည်ထောင်စု၏ စည်းကြပ်ခွန်ဆိုင်ရာမူဝါဒများအပါအဝင် အခြားသောအခြေအနေများကြောင့် အနာဂတ်တွင် တိုးတက်မှုဆက်လက်ရှိနိုင်/မရှိနိုင်ကို သေချာစွာခန့်မှန်းရန်ခက်ခဲပါကြောင်း၊  သို့သော် လက်ရှိစီးပွားရေးတိုးတက်မှုအချက်အလက်များသည် ယခင်နှစ်ကကြုံတွေ့ခဲ့ရသည့် တိုးတက်မှုနှေးကွေးခြင်း(Sluggish Growth)နှင့်နှိုင်းယှဉ်လျှင် သက်သာရာရနေသည့်အခြေအနေကို ညွှန်ပြနေပါကြောင်း ဗဟိုဘဏ်၏စီးပွားရေးစာရင်းအင်းဆိုင်ရာ အဆင့်မြင့်အရာရှိ Mr. Lee Dong-won က ၂၄-၇- ၂၀၂၅ ရက်နေ့၌ ကျင်းပခဲ့သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

စီးပွားရေးတိုးတက်လာမှုပုံစံကို လေ့လာမှုအရ ပို့ကုန်တင်ပို့မှုနှင့် ပြည်တွင်းသုံးစွဲမှုအားကောင်းလာခြင်းတို့သည် စီးပွားရေးတိုးတက်လာစေခြင်း၏ အဓိကမောင်းနှင်အားများဖြစ်ကြပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းများတင်ပို့မှု တိုးတက်လာခြင်းသည် စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏမြင့်မားလာစေရေးကို အထောက်အကူပြုခဲ့ပါကြောင်း၊ ပြည်တွင်းနိုင်ငံရေးပြဿနာကို တည်ငြိမ်အောင်ဖြေရှင်းနိုင်ခဲ့ခြင်းကလည်း စီးပွားရေးပြန်လည်နလန်ထူလာစေရေးအတွက်အထောက်အကူပြုခဲ့ပါကြောင်း၊အစိုးရက ဒုတိယအကြိမ် ဖြည့်စွက်ဘတ်ဂျက်(Supplementary Budget)ထပ်မံချထားပေးပြီး ဈေးဝယ်ဘောက်ချာများထုတ်ပေးသွားမည့်အစီအစဉ်(Stimulus Coupon Program) ဆောင်ရွက်မည်ဖြစ်သည့်အတွက် ပြည်တွင်းသုံးစွဲမှုအားကောင်းလာနိုင်ပါကြောင်း၊ သို့သော်လည်း အမေရိကန်ပြည်ထောင်စု၏ စည်းကြပ်ခွန်ဆိုင်ရာမူဝါဒသည် တတိယသုံးလပတ်တွင် စတင်အသက်ဝင်မည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်ပါကြောင်း Mr. Lee Dong-won က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

Source: Korea Herald (https://m.koreaherald.com/article/10539172)

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea