အိန္ဒိယနိုင်ငံသည်တရုတ်နိုင်ငံမှ စတင်ထွက်ရှိသော သို့မဟုတ် တင်ပို့သောပိုလီယက်စတာ အမျှင်ကြမ်းချည် (Polyester Textured Yarn-PTY)များစုပြုံတင်သွင်းမှုအပေါ် ဆန့်ကျင်ရေးစုံစမ်းစစ်ဆေးမှုတစ်ခုစတင်လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးကုစားမှုဆိုင်ရာညွှန်ကြားမှုဦးစီးဌာန(DGTR)က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
၎င်းစုံစမ်းစစ်ဆေးမှုသည် Reliance Industries Limited နှင့် Wellknown Polyester Limited တို့က လျှောက်ထားတင်ပြခဲ့ခြင်းအပေါ်အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် DGTR က “လျှောက်ထားသူများသည် တရုတ်နိုင်ငံမှ စတင်ထွက်ရှိသော သို့မဟုတ် တင်ပို့သော PTY သည် ပြည်တွင်းလုပ်ငန်းအပေါ် အကြီး အကျယ်နစ်နာထိခိုက်မှုဖြစ်စေခဲ့သည်ဟုစွပ်စွဲထားသည်”ဟု ပြောကြားထားသည်။
အဆိုပါလျှောက်လွှာကို Filatex India Limited၊ Madelin Enterprises Private Limited၊ Garden Silk Mills Limited၊ Indorama Synthetics Limited နှင့် Sanathan Textiles Ltd. တို့က ထောက်ခံထားကြသည်။
DGTR က တရုတ်နိုင်ငံမှ တင်ပို့သူများက အိန္ဒိယပြည်တွင်းဈေးကွက်တွင် ထိုထုတ်ကုန်ကို စုပြုံတင်ပို့ဈေးလျှော့ရောင်းချနေကြောင်း (Dumping)လုံလောက်သည့် မူလထင်မြင်ချက်ဆိုင်ရာ အထောက်အထားများရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိစုံစမ်းစစ်ဆေးမှုအတွက်စုံစမ်းစစ်ဆေးကာလ(Period of Investigation-POI)မှာ ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပြီး စုံစမ်းစစ်ဆေးမှု၏ ထိခိုက်နစ်နာမှုကာလသည် ဘဏ္ဍာရေး နှစ် ၂၀၂၂-၂၀၂၄ ကာလများနှင့် စုံစမ်းစစ်ဆေးကာလ(POI)တို့ကို အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: India begins anti-dumping probe on Polyester Textured Yarn exports from China, The Economic Times, 20 November 2025
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)