India (Kolkata)

အိန္ဒိယဆိပ်ကမ်းများမှတစ်ဆင့် ကုန်စည်များပြန်လည်တင်ပို့ခွင့်ကို တားမြစ်လိုက်ခြင်းကြောင့် ပါကစ္စတန်နိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်များ ထိခိုက်လျက်ရှိ

Last Updated:

ပါကစ္စတန်နိုင်ငံ၏ တင်ပို့ကုန်နှင့် တင်သွင်းကုန်များသည် ကရာချီ (Karachi) သို့မဟုတ် ကာစင်(Qasim)မှ ထွက်ခွာလာသော ကုန်စည်များ သို့မဟုတ် ဆိုက်ကပ်နေသော သင်္ဘောများမှ ကုန်စည်များကို အိန္ဒိယနိုင်ငံ၏မည်သည့်ဆိပ်ကမ်းကမှ မဝင်ရောက်နိုင်အောင်တားမြစ်လိုက်ခြင်းကြောင့် အကြီးအကျယ်ပြဿနာတစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါအခြေအနေကြောင့် ပါကစ္စတန်နိုင်ငံသို့ ဝင်ထွက်လျက်ရှိသည့် သင်္ဘောကြီးများ၏ တိုက်ရိုက်ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားပြီး ပါကစ္စတန်ဆိပ်ကမ်းများနှင့် ကုန်စည်လွှဲပြောင်းရာနေရာများသို့ သင်္ဘောငယ်များဖြင့် ပြောင်းလဲပို့ဆောင်နေရကြောင်း Islamabad မှ မီဒီယာသတင်းများက ဖော်ပြကြသည်။

မွန်ဘိုင်းမြို့မှ သင်္ဘောကုမ္ပဏီတစ်ခု၏ အရာရှိတစ်ဦးက ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည့် သင်္ဘောများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် အိန္ဒိယဆိပ်ကမ်းများသို့ ဝင်ရောက်ခွင့်မပြုကြောင်း အတည်ပြုခဲ့သည်။ ထို့ကြောင့် သင်္ဘောလိုင်းများသည် တိုက်ရိုက်သင်္ဘောများကို ပယ်ဖျက်လိုက်သည့်အတွက် ကုန်စည်ပို့ဆောင်ရာတွင် နှောင့်နှေးမှု၊ စွမ်းဆောင်ရည်လျော့နည်းမှုနှင့် ကုန်ကျစရိတ်များတိုးလာမည်ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၏ကုန်သွယ်ရေးအတွက် နောက်ထပ်ပြဿနာမှာ ဥရောပသို့ကုန်စည်များပို့ဆောင်ရာတွင် အိန္ဒိယနိုင်ငံ မွန်ဒရာဆိပ်ကမ်း(Mundra Port)ကို အဓိကအသုံးပြုနေခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံအနေဖြင့် ယခုအခါတွင် အဆိုပါဆိပ်ကမ်းသို့ ဝင်ရောက်ခွင့်ကို ငြင်းဆိုခြင်းခံနေရကြောင်း သိရ သည်။

သင်္ဘောကုမ္ပဏီများသည် ယခုအခါတွင် ပါကစ္စတန်နိုင်ငံသို့ ကုန်စည်များပို့ဆောင်ရန် ကိုလံဘို၊ ဆာလာလာ (Salalah)နှင့် ဂျေဘယ်အလီ(Jebel Ali)ဆိပ်ကမ်းများကို အသုံးပြုနေကြကြောင်း၊ Islamabad ၏ပြဿနာများကို ပိုမိုဆိုးရွားစေသည်မှာ သင်္ဘောကုမ္ပဏီများက အရေးပေါ်လုပ်ငန်းဆောင်ရွက်မှုအတွက် အပိုစရိတ်များကို စတင်ကောက်ခံလာခြင်းဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ၏စီးပွားရေးသည် ယခုအခါတွင် ပြင်းထန်စွာထိခိုက်နေပြီး အဓိကလိုအပ်သော စက်ကိရိယာများ၊ ကုန်ကြမ်းများနှင့် စက်ပစ္စည်းများတင်သွင်းရာတွင် ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ကောက်ပဲသီးနှံများနှင့် အဝတ်အထည်များတင်ပို့ရာတွင် ထိခိုက်နိုင်ဖွယ်ရှိကြောင်း သိရသည်။ အဆိုပါအခြေအနေသည် ဒေါ်လာနှင့်နှိုင်းယှဉ်သော ၎င်း၏ရူပီးငွေကြေးတန်ဖိုးကျဆင်းနေသည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုရက် သတ္တပတ်တွင် တစ်ဒေါ်လာလျှင် ပါကစ္စတန်ရူပီး(PKR) ၂၈၂ ဒသမ ၇၇ ရှိပြီး၊ ဧပြီလ ၃၀ ရက်နေ့က PKR ၂၈၀ ဒသမ ၇၉ နှင့်နှိုင်းယှဉ်ပါက ကျဆင်းသွားကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံမှ ရင်ဆိုင်နေရသော သင်္ဘောတင်ပို့မှုနှင့်ပတ်သက်သည့် ပြဿနာများကြောင့် အိန္ဒိယနိုင်ငံအား အထူးသဖြင့် ဆန်ဈေးကွက်တွင် အခွင့်အလမ်းကောင်းများရရှိစေမည်ဟု မျှော်လင့်ရကြောင်း၊ "ပါကစ္စတန်နှင့်ပဋိပက္ခဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်ဈေးနှုန်းများဟာ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ၂၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။" ဟု နယူးဒေလီအခြေစိုက်တင်ပို့သူ Rajesh Jain Paharia က ပြောကြားခဲ့သည်။ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၅၀ ခန့်ရှိခဲ့သော အိန္ဒိယနိုင်ငံ၏ဘာစမာတီဆန်၏ FOB ဈေးနှုန်းများသည် ယခုအခါ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၅၀ မှ ၁,၁၀၀ အထိတိုးမြင့်လာခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံကမူ ၎င်း၏ရနံ့မွှေးသော ဘာစမာတီဆန်အမျိုးအစားကို ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁,၀၇၅ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: The Hindu Businessline, Pakistan imports, exports hit as India bans transshipment of cargoes via its ports, May 22, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)