အိန္ဒိယဗဟိုဘဏ်(RBI)မှ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ငွေပေးချေမှုစနစ်ဆိုင်ရာ အစီရင်ခံစာ(Payments System Report)အရ ၂၀၂၅ ခုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း စုစုပေါင်းငွေပေးချေမှုပမာဏ၏ ၈၅.၅ ရာခိုင်နှုန်းမှာ Unified Payments Interface(UPI)စနစ်ကြောင့်ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုဂေဟစနစ်သည် နေ့စဉ်ပြုလုပ်သောပမာဏအနည်းငယ်ရှိသည့် လက်လီငွေလွှဲမှုများကြောင့် ပိုမိုတိုးတက်လာလျက်ရှိကြောင်း သိရှိရသည်။
UPI စနစ်သည် ငွေပေးချေမှုအကြိမ်ရေ(ပမာဏ)အားဖြင့် ဦးဆောင်လျက်ရှိသော်လည်း စုစုပေါင်းငွေကြေးတန်ဖိုး၏ ၉.၅ ရာခိုင်နှုန်းကိုသာဖြည့်ဆည်းပေးနိုင်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တန်ဖိုးနည်းလက်လီငွေပေးချေမှုများကို လွယ်ကူချောမွေ့စေရေး အထောက်အကူပြုသည့်ကဏ္ဍတွင် ရှိနေကြောင်းသိရှိရသည်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ကော်ပိုရိတ်လုပ်ငန်းကြီးများနှင့် အဖွဲ့အစည်းများအကြား တန်ဖိုးမြင့်မားသော ငွေလွှဲ ပြောင်းမှုများတွင် အဓိကအသုံးပြုသည့် Real Time Gross Settlement (RTGS)စနစ်သည် စုစုပေါင်းငွေပေးချေမှုအကြိမ်ရေ၏ ၀.၁ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း၊ စုစုပေါင်းငွေကြေးတန်ဖိုး၏ ၆၈.၆ ရာခိုင်နှုန်းအထိရှိခဲ့ရာ ငွေကြေးတန်ဖိုးပိုင်းတွင် မိရိုးဖလာဘဏ်လုပ်ငန်းစနစ်များက ဆက်လက်လွှမ်းမိုးထားဆဲဖြစ်ကြောင်း သိရှိရသည်။
UPI၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့်ခရက်ဒစ်ကတ်များ လျင်မြန်စွာခေတ်စားလာခြင်းနှင့်အတူ လွန်ခဲ့သည့် ၄ နှစ်တာ ကာလအတွင်း ဒက်ဘစ်ကတ်(Debit Card)အသုံးပြုမှု သိသိသာသာကျဆင်းသွားကြောင်းလည်း အိန္ဒိယဗဟိုဘဏ် ၏အစီရင်ခံစာအရ သိရှိရသည်။ Debit Card ဖြင့် ငွေပေးချေမှုအကြိမ်ရေသည် ၂၀၂၁ ခုနှစ်တွင် ၄.၀၈၇ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၁.၃၃၆ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး၊ ၎င်းမှာ ၆၇ ရာခိုင်နှုန်းနီးပါးကျဆင်းသွားခြင်းဖြစ်ကြောင်းသိရှိရသည်။ အလားတူကာလအတွင်း Debit Card ဖြင့် ငွေပေးချေမှု၏ ငွေကြေးတန်ဖိုးမှာလည်း အိန္ဒိယရူပီး ၇.၄ လက်သန်းကုဋေ(Lakh Crore)မှ ၄.၅ လက်သန်းကုဋေသို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
အခြားတစ်ဖက်တွင်မူ ၎င်းကာလအတွင်း ခရက်ဒစ်ကတ်(Credit Card)အသုံးပြုမှုမှာ အားကောင်းစွာ တိုးတက်လာခဲ့ကြောင်း၊ခရက်ဒစ်ကတ်ဖြင့် ငွေပေးချေမှုအကြိမ်ရေသည် ၂၀၂၁ ခုနှစ်တွင် ၂.၁၆ ဘီလီယံရှိခဲ့ရာမှ ၂၀၂၅ ခုနှစ် တွင် ၅.၇ ဘီလီယံအထိ နှစ်ဆကျော်တိုးတက်လာခဲ့ပြီး၊ ငွေပေးချေမှုတန်ဖိုးမှာလည်း ရူပီး ၈.၉ လက်သန်းကုဋေမှ မြင့်တက်လာခဲ့ရာ နှစ်စဉ်ပျမ်းမျှတိုးတက်မှုနှုန်း ၂၇ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရသည်။
ပုဂ္ဂလိကကဏ္ဍဘဏ်များသည် ဒစ်ဂျစ်တယ်စနစ်နှင့် အခြားအမှတ်တံဆိပ်များနှင့် ပူးတွဲလုပ်ဆောင်သည့်(Co-branded)ဝန်ဆောင်မှုများကြောင့် ခရက်ဒစ်ကတ်ကဏ္ဍတွင် ဆက်လက်လွှမ်းမိုးထားကြောင်းသိရသည်။ ၎င်းတို့၏ ဈေးကွက်ဝေစုသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ခရက်ဒစ်ကတ်အရေအတွက် ၄.၈ ကုဋေ(Crore) ရှိရာမှ ၆၇.၇ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကတ်အရေအတွက် ၈.၂ ကုဋေနှင့်အတူ ဈေးကွက်ဝေစု ၇၁.၁ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံပိုင်ကဏ္ဍဘဏ်များသည်လည်း အလားတူကာလအတွင်း ၎င်းတို့၏ဈေးကွက်ဝေစုကို ၂၃.၅ ရာခိုင်နှုန်းမှ ၂၃.၉ ရာခိုင်နှုန်းသို့ အနည်းငယ်မြှင့်တင်နိုင်ခဲ့ပြီး၊ ထုတ်ပေးထားသော ကတ်အရေအတွက်မှာ ၁.၆ ကုဋေမှ ၂.၈ ကုဋေသို့မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ သို့ရာတွင် နိုင်ငံခြားဘဏ်များ၏ ဈေးကွက်ဝေစုမှာ ၉.၃ ရာခိုင်နှုန်းမှ ၃.၈ ရာခိုင်နှုန်းသို့သိသာစွာကျဆင်းသွားခဲ့ပြီး၊ အသေးစားဘဏ္ဍာရေးဘဏ်များ(Small Finance Banks)ကမူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးထား၍ ခရက်ဒစ်ကတ်အရေအတွက် ၁၄ သိန်း(14 Lakh)ခန့်ထုတ်ပေးထားပြီးဖြစ် ကြောင်း သိရှိရသည်။
Debit Card ကဏ္ဍတွင် နိုင်ငံပိုင်ကဏ္ဍဘဏ်များက ဆက်လက်လွှမ်းမိုးထားဆဲဖြစ်သော်လည်း၊ ၎င်းတို့၏ဈေးကွက်ဝေစုမှာ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလတွင် ကတ်အရေအတွက် ၆၃.၇ ကုဋေနှင့်အတူ ၆၇.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကတ်အရေအတွက် ၆၅.၂ ကုဋေနှင့်အတူ ၆၃.၁ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရှိရသည်။
Source: The Stateman : UPI drives 85.5 Percent of India’s payment volumes, debit card usage falls: RBI Report
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)