စင်ကာပူနိုင်ငံ၏ ပို့ကုန်ဦးစားပေးစီးပွားရေးအပေါ် အမေရိကန်နိုင်ငံ၏ကုန်သွယ်ရေးအခွန်နှုန်းချမှတ်မှုကြောင့် ပုဂ္ဂလိကစီးပွားရေး ပညာရှင်များက ၂၀၂၅ ခုနှစ်အတွက် စင်ကာပူနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းကို တစ်ရာခိုင်နှုန်းလျှော့ချ၍ခန့်မှန်းခဲ့ပါသည်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့က မတ်လ ၃ လပတ်ဆန်းစစ်ချက်တွင် စင်ကာပူနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၂.၆ ရာခိုင် နှုန်းရှိမည်ဟုခန့်မှန်းခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်တွင် ၁.၇ ရာခိုင်နှုန်းရှိမည်ဟု ဖော်ပြခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၄.၄ ရာခိုင်နှုန်းရှိခဲ့ရာမှ သိသိသာသာကျဆင်းခဲ့ခြင်းဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလတွင် စင်ကာပူနိုင်ငံ၊ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက စင်ကာပူနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၀ ရာခိုင် နှုန်းမှ ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ခန့်မှန်းချက်မှာ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံသို့တင်ပို့သည့် ပို့ကုန်များအားလုံးနီးပါးအပေါ် အပြန်အလှန်အခွန်နှုန်းများချမှတ်သည့်မူဝါဒကို အမေရိကန်နိုင်ငံက ကြေညာပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ဆန်းစစ်ချက်တွင်ပါဝင်သည့် စီးပွားရေး ပညာရှင်များက ကမ္ဘာ့စီးပွားရေးကျဆင်းမှုအပြင် ပထဝီနိုင်ငံရေးနှင့် ကုန်သွယ်ရေးတင်းမာမှုများကြောင့် စင်ကာပူနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုမျှော်မှန်းချက်ကို ကျဆင်းစေခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၂၆ ခုနှစ်တွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ၁.၇ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းကြပါသည်။
လေ့လာဆန်းစစ်သူများက အပြန်အလှန်အခွန်နှုန်းချမှတ်မှုများရပ်တန့်နေသည့်အချိန်၌ စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ လက်ကားကုန်သွယ်မှုကဏ္ဍတို့မှာ တည်ငြိမ်နိုင်ဖွယ်ရှိသော်လည်း အခွန်နှုန်းသတ်မှတ်မှုများ ရပ်ဆိုင်းထားသည့်ကာလအပြီးတွင် အဆိုပါကဏ္ဍများမှာ ထိခိုက်မှုများရှိလာနိုင်ကြောင်း သုံးသပ်ကြပါသည်။ DBS ဘဏ်၏ အကြီးတန်းစီးပွားရေးပညာရှင် Chua Han Teng က “စင်ကာပူနိုင်ငံ၏ ပြည်ပကိုဦးတည်သည့်စီးပွားရေးမှာ အခွန်နှုန်းချမှတ်မှုများကြောင့် မတည်ငြိမ်မှုများမြင့်တက်ပြီး စီးပွားရေးကျဆင်းမှုနှင့်ရင်ဆိုင်နေရကြောင်း၊ ကုန်သွယ်ရေးတင်းမာမှုများနှင့် စီးပွားရေးဝန်းကျင်ခိုင်မာမှုအားနည်းသောကြောင့် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ဂျီဒီပီအနည်းငယ်ကျဆင်းမည်ဟုခန့်မှန်းကြောင်း၊ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွက် စင်ကာပူနိုင်ငံ၏ ဂျီဒီပီမှာ ၂ ရာခိုင်နှုန်းရှိမည်ဟုမျှော်မှန်းကြောင်း” ပြောကြားခဲ့ပါသည်။
စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ ဆန်းစစ်ချက်တွင် ၂၀၂၅ ခုနှစ်၌ စင်ကာပူနိုင်ငံ၏ငွေကြေးဖောင်းပွမှုလျော့နည်းကြောင်းတွေ့ရှိ ရပါသည်။ ကုန်စည်အားလုံးအတွက် ငွေကြေးဖောင်းပွမှုခန့်မှန်းချက်မှာ ၀.၉ ရာခိုင်နှုန်းဖြစ်ပါသည်။ စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့၏ ငွေကြေးဖောင်းပွမှုခန့်မှန်းချက်မှာ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေထိုင်စရိတ်များမပါ ၀.၈ ရာခိုင်နှုန်းဖြစ်ပြီး ယခင်ဆန်းစစ်ချက်ဖြစ်သည့် ၁.၅ ရာခိုင်နှုန်းထက်လျော့နည်းပါသည်။ စီးပွားရေးပညာရှင်များက ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် စင်ကာပူနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၂.၂ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း မျှော်မှန်းထားပြီး မတ်လဆန်းစစ်ချက်ဖြစ်သည့် ၂ ရာခိုင်နှုန်းထက် ပိုမိုတိုးမြင့်လာပါသည်။
ငွေကြေးမူဝါဒနှင့်စပ်လျဉ်း၍ စင်ကာပူဒေါ်လာတန်ဖိုးတက်မှုကို လျော့ကျရန်မျှော်မှန်းထားပါသည်။ စင်ကာပူငွေကြေးအာဏာပိုင် အဖွဲ့သည် သွင်းကုန်များ၏ဈေးနှုန်းအပေါ်အခြေခံ၍ ငွေလဲနှုန်းကို ငွေဖောင်းပွမှုနှုန်းအဖြစ်အသုံးပြု၍ ငွေကြေးမူဝါဒကို စီမံခန့်ခွဲခြင်းဖြစ်ပြီး စင်ကာပူဒေါ်လာတန်ဖိုးအလိုက် ပို့ကုန်များ၏ဈေးနှုန်းမြင့်တက်ခြင်းအရ မူဝါဒဘောင်အတွင်း စင်ကာပူဒေါ်လာ၏ တန်ဖိုးကို စီမံခန့်ခွဲခြင်းဖြစ်ပါသည်။
ရင်းမြစ်။ The Straits Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)