Japan

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်းရှိခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၃.၁ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကာ ယခင်လနှင့်နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွနှုန်းမှာ ပြောင်းလဲမှုမရှိခဲ့ကြောင်း သတင်းစာတွင် “Japan's core inflation rate stays at 3.1% in August” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် လတ်ဆတ်သည့်အစားအစာများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဂျပန်ဗဟိုဘဏ်၏သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ၁၇ လ ဆက်တိုက်ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ၂၂-၉-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ကုန်စည်ဈေးနှုန်းများမှာ ၄.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ စားသောက်ကုန်ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ် ဧပြီလမှစတင်၍ ၈ ရာခိုင်နှုန်းအထက်မြင့်တက်ခဲ့ကြောင်း၊ ရေထွက်ကုန်၊ ဥနှင့်နို့ထွက်ပစ္စည်းများဈေးနှုန်းမှာ ကိန်းဂဏန်း ၂ လုံးအထိ မြင့်တက်ခဲ့ကြောင်း၊ ဝန်ဆောင်မှုနှုန်းထားများမှာ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ကုန်စည်ဈေးနှုန်းမြင့်တက်မှုကဲ့သို့ များစွာမြင့်တက်ခဲ့ခြင်းမရှိကြောင်း၊ သို့သော် စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးနှင့်ဆက်စပ်သည့်ဝန်ဆောင်မှုလုပ်ငန်းများ၏ ဈေးနှုန်းများမှာ မြင့်တက်ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားပါသည်။

ကုန်စည်နှင့်ဝန်ဆောင်မှုနှုန်းထားများမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်အစိုးရအနေဖြင့် လောင်စာဆီဈေးနှုန်းများအပေါ် အထောက်အပံ့ပေးမှုအစီအစဉ်များကို ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အိမ်ထောင်စုများအနေဖြင့် ကုန်စည်ဈေးနှုန်းများမြင့်တက်ခြင်းထက် လစာနှုန်းထားများလျော့နည်းလာခြင်းကြောင့် အကျပ်အတည်းများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် လစာနှုန်းထားများမှာ ဇူလိုင်လတွင် ၁၆ လ ဆက်တိုက်ကျဆင်းခဲ့ပြီး ဝင်ငွေရရှိမှုမှာ ငွေကြေးဖောင်းပွမှုနှုန်းထက် ၁.၈ ရာခိုင်နှုန်းလျော့နည်းခဲ့ပါကြောင်း၊ စီးပွားရေးသုတေသနဆိုင်ရာ ဂျပန်စင်တာ(Japan Center for Economic Research)မှ စက်တင်ဘာလတွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းမှာ တဖြည်းဖြည်းလျော့နည်းလာနိုင်ပြီး ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လပတ်ကာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၉၃ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များပြတ်တောက်ခဲ့မှုများကြောင့် ဂျပန်နိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ကုန်ကြမ်းများဝယ်ယူရရှိနိုင်မှုအခက်အခဲများဖြစ်ပေါ်ခဲ့မှုမှာ လက်ရှိအချိန်တွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့်အတွက် သွင်းကုန်ဈေးနှုန်းများတည်ငြိမ်ကာ ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုများ  ပြန်လည်လျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။

ဂျပန်နိုင်ငံအနေဖြင့် စွမ်းအင်နှင့်ဂျုံကဲ့သို့သော ကောက်ပဲသီးနှံများအား အဓိကတင်သွင်းသူဖြစ်သည့်အတွက် အဆိုပါကုန်စည်များ စဉ်ဆက်မပြတ်ရရှိနိုင်မှုသည် နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းအပေါ် များစွာသက်ရောက်စေလျက်ရှိပါသည်။ထို့ကြောင့်ပင် အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေး လောင်စာဆီဈေးနှုန်းများအပေါ် အထောက်အပံ့ပေးမှုအစီအစဉ်များကို ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေးခဲ့ပြီး၊ အောက်တိုဘာလတွင်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည့်အစီအမံများ(Stimulus Package)ချမှတ်သွားရန် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia (၂၂-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan