Japan

ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်လာရောက်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီကာလက လာရောက်ခဲ့သည့်အရေအတွက်၏ ၈၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမှာ ကိုဗစ်-၁၉ မဖြစ်ပွားမီကာလနီးပါးသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် အဆိုပါနှုန်းထားမှာ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ခဲ့ပြီးနောက် အမြင့်ဆုံးနှုန်းဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည် ၂,၁၅၆,၉၀၀ လာရောက်ခဲ့ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ အဆိုပါအရေအတွက်မှာ ကိုဗစ်-၁၉ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်၏ ၈၅.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်းနှင့် ပထမဆုံးအကြိမ်အဖြစ် ၈၀ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှစတင်၍ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေဒီယိုသတ္တိကြွရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ခြင်းကို တရုတ်နိုင်ငံမှ ဆန့်ကျင်ကန့်ကွက်ခဲ့သည့်နည်းတူ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်အချို့အနေဖြင့်လည်း ဂျပန်နိုင်ငံသို့ လာရောက်မည့်ခရီးစဉ်များ ဖျက်သိမ်းခဲ့သော်လည်း ခရီးသွားဧည့်သည်လာရောက်မှုမှာ မြင့်တက်နေဆဲဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်လာရောက်မှုမှာ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်အရေအတွက်၏ ၃၆ ရာခိုင်နှုန်းသာရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ဂျပန်နိုင်ငံသို့ တောင်ကိုရီးယားမှ ၅၆၉,၁၀၀ ဦး၊ ထိုင်ဝမ်မှ ၃၉၆,၃၀၀ ဦး၊ တရုတ်မှ ၃၆၄,၁၀၀ ဦးနှင့် ဟောင်ကောင်မှ ၂၀၆၃၀၀ ဦးတို့ဖြင့် အများဆုံးလာရောက်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ်ခီရှိဒအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်မှုများဖြေလျှော့ခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အဆိုပါကာလမတိုင်မီက ဂျပန်နိုင်ငံအနေဖြင့်ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် တင်းကြပ်သည့်မူဝါဒများကို ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ အာဆီယံ ၅ နိုင်ငံအပါအဝင် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံပါင်း ၆၉ နိုင်ငံမှခရီးသွားဧည့်သည်များအား ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည်စုစုပေါင်း ၁၅ သန်းကျော်လာရောက်ခဲ့ပြီး တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ အများဆုံးလာရောက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်အစိုးရအနေဖြင့်လည်း ဂျပန်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားလာမှုပုံစံအသစ်များ ဖန်တီးပေးခြင်း၊ ဝန်ဆောင်မှုအသစ်များဖန်တီးပေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ခရီးသွားလုပ်ငန်းကဏ္ဍပြန်လည်ကောင်းမွန်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေးကို ယန်း ၅ ထရီလီယံတိုးတက်လာရန် ဂျပန်ဝန်ကြီးချုပ်ဖူမီအိုခီရှိဒက မျှော်မှန်းဆောင်ရွက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

Source: The United Press International (UPI) News (၂၀-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan