U. A. E

စီးပွားရေးအစုအဖွဲ့မူဝါဒနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အစပျိုးဆောင်ရွက်မှုအသစ်များကို ယူအေအီးနိုင်ငံအစိုးရအဖွဲ့မှ အတည်ပြုခဲ့

Last Updated:

ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့်ဒူဘိုင်းအုပ်ချုပ်သူ Sheikh Mohammed bin Rashid Al Maktoum ဦးဆောင်သော ယူအေအီးနိုင်ငံအစိုးရအဖွဲ့သည် အဘူဒါဘီမြို့တော်ရှိ Qasr Al Watan သမ္မတနန်းတော်တွင် အစိုးရရာသီအသစ်၏ပထမဆုံးအစည်းအဝေး၌ မဟာဗျူဟာမြောက်လုပ်ဆောင်ချက် များကို အတည်ပြုခဲ့ကြပါသည်။

ကနဦးအဖြစ် နိုင်ငံတစ်ဝှမ်းအပြန်အလှန်ဆက်နွှယ်နေသော စက်မှုလုပ်ငန်းများကို အားကောင်းလာစေရန် ပုံစံထုတ်ထားသော စီးပွားရေးအစုအဖွဲ့များအတွက် အမျိုးသားမူဝါဒကို အတည်ပြုချက်ဖြစ်ပါသည်။ အဆိုပါမူဝါဒသည် နိုင်ငံ၏ GDP တွင်နှစ်စဉ် AED ၃၀ ဘီလီယံကျော်ပေါင်းထည့်နိုင်ပြီး လာမည့်ခုနစ်နှစ်အတွင်း နိုင်ငံခြားကုန်သွယ်မှုကို AED ၁၅ ဘီလီယံအထိ မြှင့်တင်သွားနိုင်ရန် မျှော်မှန်းထားပါသည်။ ဘဏ္ဍာရေး၊ ခရီးသွားလုပ်ငန်း၊ အစားအစာ၊ အာကာသနှင့် အချက်အလက်ခွဲခြမ်းစိတ်ဖြာမှုစသည့် အဓိကကဏ္ဍများတွင် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နေစဉ်အတွင်း ပြည်နယ်တစ်ခုစီ၏ ထူးခြားသောအားသာချက်များကိုအသုံးချနိုင်ရန် ရည်ရွယ်ထားပါသည်။

ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစုတန်ဖိုးများ၊ စီးပွားရေးနှင့် ဉာဏ်ရည်တု စသည့်ကဏ္ဍများအပါအဝင် ဦးစားပေးဆွေးနွေးမှုများကိုပြုလုပ်ရန်အတွက် ထိပ်တန်းအရာရှိ ၅၀၀ ကိုစုစည်း၍ နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိပြုလုပ်မည့် ယူအေအီးအစိုးရနှစ်ပတ်လည်အစည်းအဝေးများအတွက် အစီအစဉ်ကိုလည်း အစိုးရအဖွဲ့မှ ထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် Sheikha Salama bint Tahnoon bin Mohammed Al Nahyan ဦးဆောင်သော ယူအေအီးပေါင်းစပ်ဆေးပညာကောင်စီ ကိုဖွဲ့စည်းရန်အတွက် အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပါသည်။ လူနာစောင့်ရှောက်မှုကိုမြှင့်တင်ရန်အတွက် ခေတ်မီနှင့်ရိုးရာအလေ့အထများတို့ ပေါင်းစပ်ထားသည့် လမ်းညွှန်ချက်များနှင့် ကုသရေးလုပ်ထုံးလုပ်နည်းများ ဖွံ့ဖြိုးတိုးတက်မှုကို အဆိုပါကောင်စီက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အမျိုးသားလေထုအရည်အသွေးနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခြင်းတို့နှင့်အတူ လေကြောင်းထုတ်လွှတ်မှုလျှော့ချရေး အမျိုးသားစီမံကိန်းမွမ်းမံအတည်ပြုချက်ဖြင့် ဆောင်ရွက်သွားမည့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲမှုကိုလည်း ထင်ရှားစွာဖော်ပြခဲ့ပါသည်။

အခြားသောအဓိကဆုံးဖြတ်ချက်များတွင် ယူအေအီးမျိုးရိုးဗီဇကောင်စီ၏ လုပ်ငန်းကိုမြှင့်တင်ခြင်း၊ အမျိုးသားဆိုက်ဘာလုံခြုံရေးမူဝါဒများအားကောင်းစေခြင်း၊ ဖက်ဒရယ်ကောင်စီအများအပြားကို ပြန်လည်ဖွဲ့စည်းခြင်း၊ နိုင်ငံတကာသဘောတူညီချက် ၈၅ ခုကို အတည်ပြုခြင်းနှင့် နိုင်ငံတကာပြပွဲပေါင်း ၁၂ ခု တို့ကို လက်ခံကျင်းပရန်အတွက် အတည်ပြုခြင်းတို့ပါဝင်ပါသည်။

Sheikh Mohammed က အစိုးရအဖွဲ့အစည်းများအားလုံးတို့သည် နိုင်ငံသာယာဝပြောရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိစေမည့် ရေရှည်မျှော်မှန်းချက်များနှင့်အညီ တိုးတက်စေရန်ဆောင်ရွက်လျက်ရှိနေကြောင်း အခိုင်အမာပြောကြားခဲ့ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: U. A. E