အမေရိကန်နှင့် အီရန်အကြား သဘောတူညီချက်တစ်ခုရရှိနိုင်မည်ဟု မျှော်လင့်ချက်များကြောင့် အာရှ-ပစိဖိတ်ဒေသရှိစျေးကွက်များသည် ၁၄−၄−၂၀၂၆ ရက်နေ့တွင် အမြင့်ဈေးဖြင့် ဖွင့်လှစ်ခဲ့သည်။ အမေရိကန်သည် Hormuz ရေလက်ကြားတွင် အီရန်သင်္ဘောများကို တားဆီးလျက်ရှိသော်လည်း နှစ်ဖက်အကြား သဘောတူညီချက်တစ်ခုရနိုင်မည်ဟု ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်လျက်ရှိကြသည်။
အမေရိကန်နှင့် အီရန်နှစ်နိုင်ငံအကြား ယာယီအပစ်ရပ်သဘောတူညီချက်သည် မဖျက်သိမ်းရသေးသော်လည်း အခြေအနေမတည်မငြိမ်ဖြစ်နေပြီး နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် သဘောတူညီချက်ကို ချိုးဖောက်ကြောင်း စွပ်စွဲနေကြသည်။
အမေရိကန်နိုင်ငံက Hormuz ရေလက်ကြားရှိ အီရန်ဆိပ်ကမ်းများသို့ ဝင်ထွက်မည့်သင်္ဘောများကို တားဆီးခဲ့ပြီး အီရန်အပေါ် ဖိအားတိုးမြှင့်ရန်ကြိုးပမ်းလျက်ရှိခဲ့သည်။ အီရန်ဘက်မှလည်း အဆိုပါတားဆီးမှုသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်းများကို ပိုမိုမြင့်တက်စေမည်ဟု သတိပေးခဲ့သည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က “ယခုလိုတားဆီးမှုများ ဆက်လက်ဆောင်ရွက်သွားပါက ယခုလက်ရှိဆီဈေးသည် မကြာမီတွင် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာ၊ ၅ ဒေါ်လာမြင့်တက်လာနိုင်သည်” ဟု ဆိုခဲ့သည်။
အမေရိကန်၏ West Texas Intermediate ဆီဈေးသည် ၂.၁၆% ကျဆင်းကာ တစ်စည်လျှင် အမေရိကန် ၉၆.၉၄ ဖြစ်လာခဲ့ပြီး Brent ဆီဈေးသည်လည်း ၁.၈၂% ကျဆင်းကာ အမေရိကန်ဒေါ်လာ ၉၇.၅၅ ဖြစ်ခဲ့သည်။
ဂျပန်နိုင်ငံ၏ Nikkei 225 အညွှန်းကိန်းသည် ၂.၄၃% တိုးတက်ခဲ့ပြီး Topix သည် ၁.၀၁% တိုးတက်ခဲ့သည်။
သြစတြေးလျ၏ S&P/ASX 200 သည် ၀.၅၃% တိုးတက်ခဲ့သည်။ သို့သော် မတ်လအတွင်း စီးပွားရေးယုံကြည်မှုမှာ အီရန်စစ်ပွဲကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ ဆီဈေးအပြောင်းအလဲများကြောင့် ကျဆင်းခဲ့ကြောင်း National Australia Bank ၏ စစ်တမ်းတစ်ခုအရ သိရသည်။
တရုတ်ပြည်မ၏ CSI300 အညွှန်းကိန်းသည် ၀.၆၅% တိုးတက်ခဲ့ပြီး ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းသည် ၁% တိုးတက်ခဲ့သည်။
အမေရိကန်စတော့ခ်စျေးကွက်တွင်လည်း ၁၃−၄−၂၀၂၆ ရက်က S&P 500 futures သည် များစွာမပြောင်းလဲဘဲ ၀.၀၆% တိုးတက်ခဲ့သည်။ Dow Jones futures သည် ၁၀ မှတ် (၀.၀၂%) တိုးတက်ခဲ့ပြီး Nasdaq-100 futures သည် ၀.၂% နီးပါးတိုးတက်ခဲ့သည်။
S&P 500 အညွှန်းကိန်းသည် တနင်္လာနေ့တွင် ၁.၀၂% တိုးတက်ကာ ၆,၈၈၆.၂၄ သို့ ရောက်ရှိခဲ့ပြီး စစ်ပွဲမတိုင်မီအချိန်နောက်ပိုင်း အမြင့်ဆုံးပိတ်မှတ်တစ်ခုဖြစ်ခဲ့သည်။ Nasdaq Composite သည် ၁.၂၃% တိုးတက်ကာ ၂၃,၁၈၃.၇၄ သို့ရောက်ရှိခဲ့ပြီး Dow Jones Industrial Average သည်လည်း ၃၀၁.၆၈ မှတ် (၀.၆၃%) တိုးတက်ကာ ၄၈,၂၁၈.၂၅ တွင် ပိတ်ခဲ့သည်။
(ခင်မြမြထွေး၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)