India (Kolkata)

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသည် အဓိကကုန်သွယ်ဖက်နိုင်ငံ ၁၀ နိုင်ငံအနက် ၉ နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေကို ရင်ဆိုင်နေရ

Last Updated:

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံသည် အဓိကကုန်သွယ်ဖက် ၁၀ နိုင်ငံအနက် ၉ နိုင်ငံဖြင့် ကုန်သွယ်မှုလိုငွေကို ရင်ဆိုင်နေရကြောင်း The Hindu Businessline သတင်း ဌာနက ယခုလ ၂၆ ရက်က ဖော်ပြသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံသည် တရုတ်၊ ရုရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားအပါအဝင် ၎င်း၏ထိပ်တန်းကုန်သွယ်ဖက် ၉ နိုင်ငံဖြင့် ကုန်သွယ်မှုလိုငွေပြခဲ့ကြောင်း သိရသည်။ ဆိုလိုသည်မှာ အိန္ဒိယနိုင်ငံသည် ၎င်းတို့ထံ တင်ပို့သည်ထက် ယင်းနိုင်ငံများမှ ပိုမိုတင်သွင်းနေသည့်သဘောဖြစ်သည်။ တရားဝင်အချက်အလက်များအရ တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ ဟောင်ကောင်နိုင်ငံတို့နှင့် ကုန်သွယ်မှုလိုငွေမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တိုးမြင့်လာခဲ့ပြီး ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ရုရှား၊ အင်ဒိုနီးရှားနှင့် အီရတ်နိုင်ငံတို့နှင့် ကွာဟချက်လျော့နည်းသွားကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၁၁၈ ဒသမ ၄ ဘီလီယံဖြင့် အိန္ဒိယ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာပြီး အိန္ဒိယနှင့် အမေရိကန်ပြည်ထာင်စုတို့၏ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၁၈ ဒသမ ၂၈ ဘီလီယံရှိသည့်အတွက် အမေရိကန်ပြည်ထောင်စုထက် အနည်းငယ်သာလွန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သောဘဏ္ဍာနှစ် နှစ်နှစ်အတွင်း အိန္ဒိယ၏ထိပ်တန်းကုန်သွယ်ဖက်ဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်ရေးလိုငွေပြမှု ကိန်းဂဏန်းများမှာ သိသာထင်ရှားကြောင်းတွေ့ရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကန်ဒေါ်လာ ၈၅ ဘီလီယံ၊ ရုရှားနှင့် ကန်ဒေါ်လာ ၅၇ ဒသမ ၂ ဘီလီယံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ကန်ဒေါ်လာ ၁၄ ဒသမ ၇၁ ဘီလီယံ၊ ဟောင်ကောင်နှင့် ကန်ဒေါ်လာ ၁၂ ဒသမ ၂ ဘီလီယံအထိမြင့်တက်ခဲ့သည်။ ယခင်နှစ်တွင် အဆိုပါနိုင်ငံများနှင့် လိုငွေပြမှုသည် ဒေါ်လာ ၈၃ ဒသမ ၂ ဘီလီယံ၊ ဒေါ်လာ ၄၃ ဘီလီယံ၊ ၁၄ ဒသမ ၅၇ ဘီလီယံနှင့် ဒေါ်လာ ၈ ဒသမ ၃၈ ဘီလီယံအသီးသီးရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏ထိပ်တန်းကုန်သွယ်ဖက်လေးနိုင်ငံဖြစ်သည့် စင်ကာပူ၊ ယူအေအီး၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့နှင့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်များရှိသည်။ ၎င်းသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်မှုပိုငွေဒေါ်လာ ၃၆ ဒသမ ၇၄ ဘီလီယံကို ထိန်းထားနိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပိုငွေပြသည့် အခြားနိုင်ငံများတွင် ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ပါဝင်ကြောင်း သိရသည်။

ယေဘုယျအားဖြင့် အိန္ဒိယနိုင်ငံ၏စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ ယခင်ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၂၆၄ ဒသမ ၉ ဘီလီယံရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၃၈ ဒသမ ၃ ဘီလီယံသို့ ကျဆင်းသွားသည်။ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့ခြင်းအတွက် လိုအပ်သောပစ္စည်းကိရိယာများ တင်သွင်းခြင်းကြောင့် ကုန်သွယ်ရေးလိုငွေပြမှုဖြစ်ပေါ်ခြင်းသည် အမြဲတမ်းအနုတ်လက္ခဏာမဟုတ်ဟု ကုန်သွယ်ရေးကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။ သို့သော်လည်း ပြည်တွင်းငွေကြေးအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသုတေသနအဖွဲ့(Global Trade Research Initiative -GTRI) က နှစ်နိုင်ငံကုန်သွယ်မှုလိုငွေပြမှုသည် တစ်နိုင်ငံတည်း၏ထောက်ပံ့မှုအပေါ် အလွန်အမင်းမှီခိုအားထားခြင်းမရှိပါက ကြီးမားသောပြဿနာတစ်ရပ်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ သို့သော်လည်း ကုန်သွယ်မှုလိုငွေတိုးမြင့်လာခြင်းကြောင့် ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ သွင်းကုန်များကို ပိုမိုဈေးနှုန်း ကြီးမြင့်လာစေခြင်း၊ ပြင်ပကြွေးမြီများတိုးမြင့်လာခြင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလျော့နည်းခြင်းတို့ကြောင့် နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

အဆိုပါကုန်သွယ်မှုလိုငွေပြမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ပို့ကုန်မြှင့်တင်ရန်၊ မလိုအပ်သောသွင်းကုန်များကို လျှော့ချဖြတ်တောက်ရန်၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်နှင့် ငွေကြေးနှင့် ကြွေးမြီအဆင့်များကို ထိထိရောက်ရောက်စီမံခန့်ခွဲရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း အဓိကကုန်သွယ်ဖက် ၁၀ နိုင်ငံအနက် ၉ နိုင်ငံဖြင့် ကုန်သွယ်မှုလိုငွေကို ရင်ဆိုင်နေရကြောင်း၊ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖြစ်ပြီး၊ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ကြောင်း သိရှိရပါသည်။

သို့ပါ၍ အဆိုပါဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံခန့်ရှိခဲ့ပြီး၊ အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၄၀၅ ဒသမ ၂၈ သန်းဖြစ်ပေါ်ခဲ့ကြောင်း အိန္ဒိယကုန်သွယ်ရေးဌာန၏ တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

ရည်ညွှန်း။          The Hindu businessline, India in trade deficit with nine of top 10 trading partners in 2023-24, May 26, 2024   

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)