အနောက်ပိုင်းကုန်းမြေ-ပင်လယ်ရေကြောင်းစင်္ကြံသစ်သည် ပေပုပင်လယ်ကွေ့ထွက်ပေါက်မှတစ်ဆင့် ကွမ်ရှီးဒေသကို ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်သွယ်မှုဗဟိုချက်အဖြစ် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ အဆိုပါစင်္ကြံသစ်စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ချိန်မှစ၍ တရုတ်နိုင်ငံအနောက်ဘက်ရှိကုန်းတွင်းပိုင်းဒေသများကို ပေပုပင်လယ်ကွေ့မှတစ်ဆင့် ကမ္ဘာ့ဈေးကွက်များသို့ချိတ်ဆက်ပေးသည့် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် လျင်မြန်စွာတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။
ကွမ်ရှီးဒေသသည် ဤစီမံကိန်းကို အလေးထားအကောင်အထည်ဖော်လျက်ရှိပြီး ရထားလမ်း၊ ကုန်းလမ်း၊ လေကြောင်းနှင့် ပင်လယ်ရေကြောင်းကွန်ရက်များကို အဆင်ပြေချောမွေ့သည့် ထောက်ပံ့ပို့ဆောင်ရေးစနစ်အဖြစ် ပေါင်းစပ်ထားကြောင်း၊ ပင်လယ်ရေ ကြောင်းနှင့်ချိတ်ဆက်ထားသည့် ဘက်စုံသယ်ယူပို့ဆောင်ရေးရထားပြေးဆွဲမှုသည် တိုးတက်လာခဲ့ပြီး နိုင်ငံပေါင်း(၁၂၅)နိုင်ငံရှိ ဆိပ်ကမ်းပေါင်း(၅၄၀)ကျော်အထိ ချိတ်ဆက်ထားကြောင်း၊ ချုံချင့်မှ အရှေ့တောင်အာရှသို့ တစ်လကြာပို့ဆောင်ရသည့် ကုန်ပစ္စည်းများသည် လက်ရှိတွင် လေးရက်အတွင်း ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
ဤတိုးတက်နေသော ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသည် စက်မှုလုပ်ငန်းတိုးချဲ့မှုကို အထောက်အပံ့ဖြစ်စေပြီး လျှိုကျိုးမြို့တွင် SAIC-GM-Wuling ကဲ့သို့သောမော်တော်ကားကုမ္ပဏီများသည် မော်တော်ယာဥ်များနှင့် အစိတ်အပိုင်းများကိုတင်ပို့ရန် အဆိုပါစင်္ကြံကိုအသုံးချကာ "Liuzhou R&D–ASEAN manufacturing”ဟူသည့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တစ်ခုအဖြစ် ဖွဲ့စည်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ထိရောက်သောအကောက်ခွန်ရှင်းလင်းရေး၊ တစ်နေရာတည်းတွင် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးခြင်းနှင့် စာရွက်တစ်ရွက်တည်းဖြင့် ပို့ဆောင်ခြင်းနှင့် ပို့ကုန်ခွန်ပြန်အမ်းပေးခြင်းကဲ့သို့သော ကုန်ကျစရိတ်သက်သာသောမူဝါဒများသည် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များကို လျှော့ချပေးကာ ကုန်သွယ်မှုကိုမြှင့်တင်ပေးလျက်ရှိကြောင်း၊ စင်္ကြံတစ်လျှောက်တွင် စက်မှုလုပ်ငန်းများ တစ်စုတစ်စည်းတည်းပိုမိုများပြားလာသည်နှင့်အမျှ ကွမ်ရှီးဒေသသည် အကူးအပြောင်းဇုန်အဖြစ်မှ နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမြောက်အခြေစိုက်စခန်းအဖြစ်သို့ ကူးပြောင်းနေပြီး အဆင့်မြင့်ပွင့်လင်းမှုနှင့် ပေါင်းစပ်တိုးတက်မှု၏ ခေတ်သစ်ကို ဖော်ဆောင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Source: en.gxzf.gov.cn/2025-06/19/c_1101751.htm
(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)