ကမ္ဘာ့ဒုတိယအကြီးဆုံးဂျုံထုတ်လုပ်ရာ အိန္ဒိယနိုင်ငံသည် ပြည်တွင်းဂျုံဈေးကွက်ကို အထောက်အကူပြုရန်အတွက် ဂျုံတန်ချိန် ၂.၅ သန်းထပ်မံတင်ပို့ခွင့်ပြုလိုက်ရာ စုစုပေါင်းပို့ကုန်ခွဲတမ်းမှာ တန်ချိန် ၅ သန်းအထိရှိလာပြီဖြစ် ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ပထမအသုတ်အဖြစ် ဂျုံတန်ချိန် ၂.၅ သန်း တင်ပို့ရန်အတည်ပြုခဲ့ပြီးဖြစ်ကာ ဂျုံမှုန့် (Wheat Flour) တင်ပို့မှုခွဲတမ်းကိုလည်း တန်ချိန် ၁ သန်းအထိ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
အစိုးရ၏ ယခုနောက်ဆုံး ဆုံးဖြတ်ချက်သည် ဂျုံအထွက်နှုန်းအများဆုံးဖြစ်သည့် ရိတ်သိမ်းချိန်ကာလအတွင်း ဈေးကွက်အတွင်းငွေဖြစ်လွယ်မှု(Market Liquidity)ကို မြှင့်တင်ရန်နှင့် သိုလှောင်ရုံများ စနစ်တကျစီမံခန့်ခွဲနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် ရိတ်သိမ်းချိန်တွင် ပစ္စည်းပေါများပြီး ဈေးနှုန်းများထိုးဆင်းကာ တောင်သူများအရှုံးခံ၍ အတင်းအကျပ်ရောင်းချရသည့် (Distress Sale)အခြေအနေမျိုးကို တားဆီးနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း တွေ့ရှိရသည်။
လက်ရှိတွင် ရာသီသစ်ဂျုံများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်နေပြီဖြစ်ပြီး ဈေးနှုန်းများမှာ အစိုးရက သတ်မှတ်ထားသည့်အနိမ့်ဆုံးအာမခံဈေး(Floor Price)ဝန်းကျင်တွင်သာတည်ရှိနေကြောင်း သိရှိရသည်။ ယခု ၂၀၂၆ ခုနှစ်အတွက် ဂျုံထုတ်လုပ်မှုခန့်မှန်းချက်များနှင့်ပတ်သက်၍ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား ကွဲလွဲမှုအချို့ရှိနေသည်ကို တွေ့ရသည် -
- အစိုးရခန့်မှန်းချက်: တန်ချိန် ၁၂၀.၂၁ သန်း (စံချိန်တင်ထွက်ရှိမည့်ပမာဏ)
- အိန္ဒိယ ဂျုံမှုန့်စက်ပိုင်ရှင်များအဖွဲ့ချုပ် (RFMFI) ခန့်မှန်းချက်: တန်ချိန် ၁၁၅ သန်း
အိန္ဒိယနိုင်ငံ၏ ယခုလုပ်ဆောင်ချက်သည် ပြည်တွင်း၌ ပိုလျှံနေသော ဂျုံများကို ပြည်ပသို့ စနစ်တကျတင်ပို့ခြင်းဖြင့် ဈေးကွက်မျှခြေကိုထိန်းညှိရန်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြကြောင်း သိရှိရသည်။
Source: The Economic time, India lifts total wheat export quota to 5 million tons
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)