Thailand

ထိုင်းနိုင်ငံ၊ အစိုးရသည် ရာသီချိန်လွန်ဆန်စပါးအတွက် အထောက်အပံ့ပေးရန် ဘတ် ၇ ဘီလီယံလျာထား

Last Updated:

ထိုင်းနိုင်ငံ၌ တောင်သူများ ဓာတ်မြေဩဇာများရရှိနိုင်စေရန်နှင့် ရာသီချိန်လွန်စပါးစိုက်တောင်သူများကို ထောက်ပံ့ ပေးရန်အတွက် အစိုးရက ဘတ် ၇ ဘီလီယံကျော်လျာထားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ရာသီချိန်လွန်စပါးစိုက်ပျိုးသည့် တောင်သူများအတွက် မှတ်ပုံတင်ခြင်းသည် ပိတ်သိမ်းလိုက်ပြီ ဖြစ်ပြီး လယ်ယာ ၁ ရိုင်လျှင် ဘတ် ၁,၀၀၀ နှင့် အများဆုံးလယ်ယာ ၁၀ ရိုင်၏ ဘဏ္ဍာငွေထောက်ပံ့ပေးရန်အတွက် မှတ်ပုံတင်ထားသည့်တောင်သူ ၈၂၀,၀၀၀ ဦးရှိပြီး လယ်ယာရိုင် ၁၁ သန်းရှိကြောင်း၊ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီးဌာနက အတည်ပြုပြီးပါက အဆိုပြုလွှာကို နိုင်ငံအဆင့်ဆန်စပါးမူဝါဒနှင့်စီမံခန့်ခွဲမှုကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ထားသောတောင်သူများအားလုံး ငွေကြေးထောက်ပံ့မှုရရှိမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီးဌာနတို့ပူးပေါင်း၍ “ဓာတ်မြေဩဇာရရှိနိုင်ရေးအစီအစဉ် ၂၀၂၅”ကို မေလ ၂ ရက်နေ့က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။

ကနဦးအနေဖြင့် မတူညီသောဖော်မြူလာ ၇၉မျိုးကျော်ရှိသောဓာတ်မြေဩဇာ ၁ အိတ်လျှင် ၅၀ ဘတ်ထိလျှော့ဈေး ပေးခဲ့ပြီး အိတ်ရေ ၁၀.၁ သန်းကို နိုင်ငံတစ်ဝှမ်းရှိ ရောင်းချသူ ၂၅ ဦးထံမှ စက်တင်ဘာလ ၃၀ ရက်နေ့ ဝယ်ယူရရှိနိုင်ကြောင်း၊တောင်သူများသည် သမဝါယမ၊ကျေးလက်အဖွဲ့အစည်းများနှင့် စိုက်ပျိုးရေးအဖွဲ့အစည်းများမှတစ်ဆင့် မှာယူခြင်း သို့မဟုတ် အစီအစဉ်တွင်ပါဝင်သည့်စက်ရုံများထံမှ တိုက်ရိုက်ဝယ်ယူခြင်းတို့ဆောင်ရွက်နိုင်ပြီး ပြည် တွင်းကုန်သွယ်ရေးဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်စာမျက်နှာနှင့် ပြည်နယ်စိုက်ပျိုး‌ရေးရုံးများတွင် ဖော်ပြထားသည့်ဈေးနှုန်းဖြင့်ဖြစ်ကြောင်း သိရှိရပါသည်။

ဓာတ်မြေဩဇာအတွက် ကုန်ကြမ်းများကို အရှေ့အလယ်ပိုင်းနှင့် ဥ‌ရောပမှ ဝယ်ယူတင်သွင်းခြင်းဖြစ်သောကြောင့် ဈေးနှုန်းများကို နောက်ကြောင်းလိုက်နေခြင်းဖြစ်ကြောင်း၊ ဓာတ်မြေဩဇာဈေးနှုန်းသည် တစ်နှစ်ထက်တစ်နှစ်တည်ငြိမ်လျက်ရှိပြီး လာမည့် ၃ လအတွင်း ဈေးနှုန်းတည်ငြိမ်စေရေး ထိုင်းဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုအသင်းက စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံသည် ဓာတ်မြေဩဇာတင်သွင်းမှုတည်ငြိမ်စေရေးနှင့် ဝယ်ယူနိုင်သောဈေးနှုန်းဖြစ်စေရေး လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များကို အသုံးချလျက်ရှိကြောင်း အသင်းဥက္ကဋ္ဌ Mr. Plengsakdi Prakaspesat က ပြောကြားခဲ့သည်။  

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand