ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အမေရိကန်ဒေါ်လာ ၁၃.၈၂ ဘီလီယံကိုဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၉.၉ ရာခိုင်နှုန်းသိသိသာသာတိုးတက်လာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ထုတ်ပြန်ချက်အရ သိရှိရပါသည်။
FDI စီမံကိန်းအသစ် ၁၂၀၄ ခုကို ရင်းနှီးမြှုပ်နှံမှုလိုင်စင်ခွင့်ပြုပေးခဲ့ပြီး စုစုပေါင်းစာရင်းသွင်း မတည်ရင်းနှီးငွေ ၅.၅၉ ဘီလီယံရှိပြီး ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၁၄.၁ ရာခိုင်နှုန်းတိုးလာသော်လည်း တန်ဖိုး ၂၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်ခြင်းကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုမတည်ငွေကို ဦးဆောင်ကာ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၆၀.၆ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ၃.၃၉ ဘီလီယံရှိကြောင်း၊ အိမ်ခြံမြေကဏ္ဍသည် ဒုတိယနေရာတွင်ရပ်တည်ပြီး အမေရိကန်ဒေါ်လာ ၁.၅၁ ဘီလီယံ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆.၉ ရာခိုင်နှုန်းဖြင့် ဆက်လက်ဦးဆောင်နေကြောင်း သိရှိရပါသည်။
စင်ကာပူသည် အဆိုပါကာလအတွင်း ဗီယက်နမ်တွင် စီမံကိန်းအသစ်များရင်းနှီးမြှုပ်နှံသည့် နိုင်ငံနှင့်နယ်မြေ ၆၀ တွင် ပထမအဆင့်ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမတည်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရှိသည်။ ၎င်းနောက်တွင် တရုတ်က အမေရိကန်ဒေါ်လာ ၁.၅၂ ဘီလီယံ၊ ဂျပန်က အမေရိကန်ဒေါ်လာ ၅၇၃.၂ သန်းရှိကြောင်း သိရှိရပါသည်။
လေးလတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၆.၇၄ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၇.၃ ရာခိုင်နှုန်းတိုးမြှင့်လာသည်ဟု ခန့်မှန်းထားပါသည်။
Source: Vietnam Economic Times
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)