အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်မှုတိုးတက်စေရန်၊ ထိရောက်မှုနှင့် ကုန်ကျ စရိတ်သက်သာစေရန်အတွက် အစီအစဉ်အသစ် ၂ ခုကို Enterprise Singapore က ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့အပြင် ကုမ္ပဏီများ၏ ဒီဂျစ်တယ်အသုံးပြုမှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် Enterprise Singapore နှင့် UOB ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းကြေညာခဲ့ပါသည်။ အစီအစဉ်အသစ် ၂ ခုနှင့် UOB ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် လာမည့် ၂ နှစ်အတွင်း F&B ကုမ္ပဏီ ၁,၀၀၀ ကျော်ကို အကူအညီပေးနိုင်မည်ဖြစ်ပါ သည်။ ယဉ်ကျေးမှု၊ အသိုက်အဝန်းနှင့် လူငယ်ဝန်ကြီးဌာနဝန်ကြီး Ms. Low Yen Ling က Food Services Forum 2025 တွင် အဆိုပါအစီအစဉ်အသစ်များကို ကြေညာခဲ့ပါသည်။
F&B ကုမ္ပဏီများကို အကူအညီပေးမည့် ပထမအစီအစဉ်မှာ F&B Process Optimisation Programme(POP)ဖြစ်ပါသည်။ POP သည် လူ့စွမ်းအားကို ထိထိရောက်ရောက်အသုံးချနိုင်စေရေးအတွက် F&B ထုတ်လုပ်ရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းစဉ်ကို ပြန်လည်ဆန်းစစ်ရန်နှင့် အကောင်းဆုံးနည်းလမ်းများရရှိရန် အကူအညီပေးမည်ဖြစ်ပါသည်။ ကုမ္ပဏီများသည် လုပ်ငန်းနေရာချထားမှု၊ နည်းပညာအကောင်အထည်ဖော်မှု၊ အမျိုးအမည်ပုံစံ(Menu Design)နှင့်စပ်လျဉ်း၍ လမ်းညွှန်ချက်များရရှိမည်ဖြစ်ပါသည်။ ဒုတိယအစီအစဉ်မှာ FoodX Programme ဖြစ်ပြီး ရေရှည်တွင် ကုန်ကျစရိတ်သက်သာစေရေး အစားအသောက်များပြင်ဆင်မှုတွင် အကူအညီပေးမည်ဖြစ်ပါသည်။ စင်ကာပူထုတ်လုပ်မှုစင်တာသည် F&B စီးပွားရေးလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်သူများကို ၎င်းတို့၏ လိုအပ်ချက်အပေါ်မူတည်၍ မိတ်ဆက်တွဲဖက်ပေးမည်ဖြစ်ပြီး ကနဦးထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ရန် အတွက် အကျုံးဝင်သည့်ကုမ္ပဏီများကို ၅၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ငွေပံ့ပိုးမည်ဖြစ်ပါသည်။
လုပ်ငန်းလည်ပတ်မှု ပိုမိုထိရောက်စွာဆောင်ရွက်နိုင်စေမည့် ဒီဂျစ်တယ်နှင့် ဉာဏ်ရည်တု(AI)အသုံးပြုမှုမြင့်တက်လာစေရန်အတွက် UOB ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း Enterprise Singapore က ကြေညာခဲ့ပါ သည်။ ပူးပေါင်းဆောင်ရွက်မှုအဖြစ် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းလည်ပတ်မှုပိုမိုထိရောက်စေရန်အတွက် ဒီဂျစ်တယ်နှင့် AI အသုံးပြုခြင်း၊ အထူးဈေးနှုန်းဖြင့် ဒီဂျစ်တယ်နည်းပညာများပံ့ပိုးပေးခြင်း၊ ဒီဂျစ်တယ်နှင့် AI အသုံးပြုရာတွင် အသိပညာနှင့်ယုံကြည်မှုရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပူးတွဲကျင်းပခြင်းစသည့် နယ်ပယ် ၃ ခုကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုသည် UOB ဘဏ်၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် မိတ်ဖက်ကွန်ရက်ကို အသုံးချခြင်းဖြင့် F&B ကဏ္ဍတွင် ဒီဂျစ်တယ်နည်းပညာများအသုံးပြုနိုင်မှုကို ပိုမိုမြင့်တက်စေမည်ဖြစ်ပါသည်။Enterprise Singapore နှင့် UOB ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၆ ခုနှစ်တွင်စတင်မည်ဖြစ်ပြီး F&B အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။
ရင်းမြစ်။ Enterprise Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)