“ဂျိုဟိုး - စင်ကာပူအထူးစီးပွားရေးဇုန်(Johor-Singapore SEZ)တွင် ၂၀၂၅ ခုနှစ်၊ ပထမ ၉ လ အတွင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ စင်ကာပူဒေါ်လာ ၂၁.၉ ဘီလီယံ(မလေးရှားရင်းဂစ် ၆၈ ဘီလီယံ)ရှိကြောင်း၊ ဂျိုဟိုးပြည်နယ်ရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၏ ၇၅ ရာခိုင်နှုန်းရှိကြောင်း” မလေးရှား နိုင်ငံ၏ ထိပ်ပိုင်းအဆင့်အရာရှိတစ်ဦးက The Business Times သတင်းဌာနကို ပြောကြားခဲ့ပါသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၂၄ ခုနှစ် တစ်နှစ်လုံးရှိ ခွင့်ပြုရင်းနှီးမြှုပ်နှံမှုပမာဏ မလေးရှားရင်းဂစ် ၄၈.၅ ဘီလီယံမှ သိသိသာသာတိုးတက်လာခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၉ လအတွင်း အထူးစီးပွားရေးဇုန်တွင် ရင်းဂစ် ၇၃ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်စုံစမ်းမေးမြန်းမှုများသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သည့်ရလဒ်များဖြစ်ပြီး ဖွံ့ဖြိုးမှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုတို့အတွက် အထူးစီးပွားရေးဇုန်၏ အခန်းကဏ္ဍကို ခိုင်မာစေပါသည်။
မလေးရှားစီးပွားရေးဝန်ကြီး Akmal Nasrullah Mohd Nasir က “ခွင့်ပြုရင်းနှီးမြှုပ်နှံမှုပမာဏထက် အစိုးရအဖွဲ့အစည်းများထံမှ စီမံကိန်းများကို ခွင့်ပြုချက်ချပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများက အကောင်အထည်ဖော်ခြင်းတို့ကို လျင်မြန်စွာဆောင်ရွက်နိုင်မှုသည် အခက်ဆုံးအပိုင်းဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်သည် အထူးစီးပွားရေးဇုန်ရှိ စီမံကိန်းများကို အကောင်အထည်ဖော်ရမည့်နှစ်ဖြစ်ကြောင်း၊ ခွင့်ပြုပြီးရင်းနှီး မြှုပ်နှံမှုများကို မြေပြင်တွင် လျင်မြန်စွာအကောင်အထည်ဖော်နိုင်မှုသည် အဓိကကျကြောင်း၊ မလေးရှားစီးပွားရေးဖိုရမ်တွင် ၂၀၂၆ ခုနှစ်အတွက် မလေးရှားနိုင်ငံ၏စီးပွားရေးဆိုင်ရာလမ်းညွှန်ချက်များကိုထုတ်ပြန်ရန်ရှိပြီး အထူးစီးပွားရေးဇုန်အတွက် ဆွဲဆောင်လိုသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများပါဝင်လာမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
JS-SEZ ၏ အဓိကမျှော်မှန်းချက်မှာ ဂျိုဟိုးပြည်နယ်ကို မလေးရှားနိုင်ငံ၏တတိယအကြီးဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရာ ပြည်နယ်ဖြစ်စေရန်ဖြစ်ပါသည်။ မကြာသေးမီက ဂျိုဟိုးပြည်နယ်တွင် ဒီဂျစ်တယ်အခြေခံအဆောက်အအုံ၊ AI နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းများအတွက် အထောက်အပံ့ပေးနိုင်သည့် ဒေတာစင်တာများရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုသည် မလေးရှားနိုင်ငံသားများအတွက် အဆင့်မြင့်အလုပ်အကိုင်များရရှိနိုင်ရန် မျှော်မှန်းထားကြောင်း၊ မလေးရှားအာဏာပိုင်များ သည် လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင် အထောက်အပံ့ပေးနိုင်ပြီး ပိုမိုတိုးတက်နိုင်စေမည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အလေးပေးလျက်ရှိကြောင်း၊ အောင်မြင်မှုအရှိန်ထက် လိုက်လျောညီထွေဖြစ်မှု၊ မူဝါဒမျာအချိတ်အဆက်ရှိမှု၊ အဖွဲ့အစည်းဆိုင်ရာတည်ငြိမ်မှုနှင့် ရေရှည်တည်တံ့သည့်ရင်းနှီးမြှုပ်နှံမှုတို့သည် အောင်မြင်မှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း” မလေးရှားစီးပွားရေးဝန်ကြီး Akmal Nasrullah Mohd Nasir ကပြောကြားခဲ့ပါသည်။
ရင်းမြစ်။ The Business Times
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)