Japan

၂၀၂၄ ခုနှစ်၊မတ်လတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေ ၃ သန်းကျော်လာရောက်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ မတ်လတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဦးရေလာရောက်မှုမှာ ပထမဆုံးအကြိမ်အဖြစ် ၃ သန်းကျော်ရှိခဲ့ကြောင်း၊ ယန်းငွေတန်ဖိုးကျဆင်းခဲ့မှုသည် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏သုံးစွဲနိုင်စွမ်းကို တွန်းအားဖြစ်စေခဲ့ပါသည်။

အဆိုပါသတင်းတွင် ခရီးသွားဧည့်သည်များလာရောက်မှုမြင့်တက်ခဲ့ခြင်းသည် နှစ်စဉ်ခရီးသွားများ၏သုံးစွဲမှုပမာဏကို ၂၀၃၀ ပြည့်နှစ်တွင် ယန်း ၁၅ ထရီလီယံသို့ ရောက်ရှိစေရေးရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေလျက်ရှိသော်လည်း ခရီးသွားဧည့်သည်များလာရောက်မှုများပြားသည့် နေရာဒေသများတွင် ကုန်စည်ဈေးနှုန်းများမြင့်တက်လျက်ရှိခြင်းကြောင့် ဒေသခံများအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လတွင် ဂျပန်နိုင်ငံသို့ ခရီးသွားဧည့်သည် ၃.၀၈ သန်းလာရောက်ခဲ့ပြီး ကိုဗစ်မတိုင်မီကာလဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လနှင့်နှိုင်းယှဉ်ပါက ၁၁.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့ အများဆုံးလာရောက်ခဲ့ကြသည့် ခရီးသွားဧည့်သည်များမှာ တောင်ကိုရီးယား(၆၆၃,၁၀၀)၊ ထိုင်ဝမ်(၄၈၄,၄၀၀)နှင့် တရုတ်(၄၅၂,၄၀၀)တို့မှဖြစ်ကြောင်း ဂျပန်အမျိုးသားခရီးသွားလာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ဂျပန်နိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးသွားဧည့်သည်များမှ ယန်း ၁.၇၅ ထရီလီယံသုံးစွဲခဲ့ကြောင်းနှင့် တစ်ဦးကျသုံးစွဲမှုပမာဏမှာ ၂၀၈,၇၆၀ ယန်းရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၁.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် တည်းခိုနေထိုင်မှုအတွက် အများဆုံးသုံးစွဲခဲ့ကြပြီး၊ ၅၆၁.၉ ဘီလီယံရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်ကာလတွင် တည်းခိုနေထိုင်မှုအတွက် သုံးစွဲမှုမှာ စုစုပေါင်းသုံးစွဲမှု၏ ၂၈.၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်ကာလတွင် ၃၂.၁ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ ဈေးဝယ်ထွက်ခြင်းအတွက် သုံးစွဲမှုမှာ ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်ကာလတွင် စုစုပေါင်းသုံးစွဲမှုပမာဏ၏ ၃၅.၉ ရာခိုင်နှုန်းမှ ၂၉.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်လာရောက်မှုမြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းခရီးသွားလာမှုနှင့် အခြားသောဝန်ဆောင်မှုကုန်ကျစရိတ်များလည်း မြင့်တက်စေခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊အစားအသောက်နှင့် ဖျော်ဖြေရေးအတွက် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏သုံးစွဲမှုပမာဏမှာ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းသုံးစွဲမှု၏ ၇.၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၉ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိရှိလာမည်ဖြစ်ကြောင်း Dai-ichi Life Research Institute မှ Chief Economist ဖြစ်သူ Mr. Hideo Kumano က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။                              

Source : The Nikkei Asia (၈-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan