China (HongKong)

AI အရှိန်အဟုန်ကြောင့် အာရှ-ပစိဖိတ်ဒေသတွင် ဒေတာစင်တာရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံအထိ စံချိန်တင်မြင့်တက်လာပြီး ဟောင်ကောင်အနေဖြင့် ၎င်းနှင့်ကိုက်ညီမည့် အဆင့်မြင့်ဈေးကွက်ကဏ္ဍတစ်ခုတွင် နေရာရရှိရန်မျှော်မှန်း

Last Updated:

AI အရှိန်အဟုန်ကြောင့် အာရှ-ပစိဖိတ်ဒေသတွင် ဒေတာစင်တာရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံအထိ စံချိန်တင်မြင့်တက်လာပြီး ဟောင်ကောင်အနေဖြင့် ၎င်းနှင့်ကိုက်ညီမည့် အဆင့်မြင့်ဈေးကွက်ကဏ္ဍတစ်ခုတွင်နေရာရရှိရန်မျှော်မှန်းထားကြောင်း ဆောင်းပါးရှင် Cheryl Arcibal က ၂၂-၅-၂၀၂၆ ရက်တွင် South China Morning Post အွန်လိုင်းသတင်း၌ “AI boom fuels US$11.6 b data centre investment in Asia-Pacific as Hong Kong eyes niche role” ခေါင်းစဉ်ဖြင့် ဖော်ပြ ထားပါသည်။

CBRE အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း၏အဆိုအရ ဉာဏ်ရည်တု(AI)နည်းပညာတဟုန်ထိုး ခေတ်စားလာမှုသည် အာရှ-ပစိဖိတ်ဒေသရှိ ဒေတာစင်တာအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို တစ်စိတ်တစ်ပိုင်းတွန်းအားပေးနေပြီး ၂၀၂၅ ခုနှစ်အတွင်း ဤ AI ကဏ္ဍသို့ အမေရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံအထိ စံချိန်တင်ပမာဏရှိသော အရင်း အနှီးများစီးဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဟောင်ကောင်တွင် နည်းပညာဆိုင်ရာကန့်သတ်ချက်များကြောင့် AI ဆိုင်ရာလိုအပ်ချက်များကို ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ရန်မလွယ်ကူသော်လည်း ဒေတာစင်တာနေရာ ငှားရမ်းမှုများကို ကမ္ဘာ့အဆင့်မီ Cloud ဝန်ဆောင်မှုပေးသည့်လုပ်ငန်းကြီးများ၊ တရုတ်ပြည်မကြီးမှ နည်းပညာနှင့် အွန်လိုင်းစျေးရောင်းဝယ်ရေး(e-commerce)ကုမ္ပဏီများနှင့်ဘဏ္ဍာရေးအဖွဲ့အစည်းများက ဆက်လက်ပံ့ပိုးပေးနေကြောင်း အဆိုပါအိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်းက ဆိုကြောင်း ဖော်ပြထားပါသည်။

ဒေသတစ်ခုလုံးအတိုင်းအတာဖြင့်ကြည့်ပါက မလေးရှား၊ သြစတြေးလျနှင့် အိန္ဒိယကဲ့သို့သော စျေးကွက်များသည် လက်တွေ့အသုံးပြုနိုင်သည့် စွမ်းဆောင်ရည်(Live Capacity)တိုးတက်မှုအပိုင်းတွင် ဦးဆောင်နေကြောင်း၊ Live Capacity ဆိုသည်မှာ ဒေတာစင်တာလုပ်ငန်းများ ချက်ချင်းချိတ်ဆက်အသုံးပြုနိုင်သည့် လျှပ်စစ်စွမ်းအင်နှင့် မြေနေရာအပါအဝင် အသုံးချနိုင်သောအရင်းအမြစ်များကို တိုင်းတာခြင်းကိုဆိုလိုပါကြောင်း၊ ပြီးခဲ့သည့် ကြာသပတေး နေ့က ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ မလေးရှားနိုင်ငံတောင်ပိုင်းရှိ ဂျိုဟိုးပြည်နယ်သည် ၎င်း၏ Live Capacity ကို တစ်နှစ်ထက်တစ်နှစ် ၅၃ ရာခိုင်နှုန်းအထိတိုးမြှင့်နိုင်ခဲ့ပြီး သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ကမူ ၃၇ ရာခိုင်နှုန်းတိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

စွမ်းအင်ဗဟိုပြု စျေးကွက်သစ်များနှင့် "Neoclouds" များ ပေါ်ထွက်လာခြင်း

AI နည်းပညာကို အဓိကဦးတည်သည့် Cloud ဝန်ဆောင်မှုပေးသူ အမျိုးအစားသစ်များပေါ်ထွက်လာခြင်းသည်လည်း ဒေတာစင်တာလိုအပ်ချက်ကို ပိုမိုမြင့်တက်စေသည့်အကြောင်းရင်းတစ်ခုဖြစ်လာပါကြောင်း၊ "Neoclouds" ဟုခေါ်ဆိုသည့် ယင်းလုပ်ငန်းများသည် AI လုပ်ငန်းစဉ်များအတွက် အထူးရည်ရွယ်ထားသော စွမ်းဆောင်ရည်မြင့် ကွန်ပျူတာအခြေခံအဆောက်အအုံ(High-performance Computing Infrastructure)များကို အထူးပြု ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဖြစ် ပါကြောင်း ဖော်ပြထားပါသည်။

AI လုပ်ငန်းများအတွက် မြေနေရာအားသာချက်နှင့်  လျှပ်စစ်စွမ်းအင်ရရှိနိုင်မှုသည် ပို၍အရေးပါလာခြင်းကြောင့် စွမ်းအင်အမြောက်အမြားသုံးစွဲရမည့် ဒေတာစင်တာဝင်းကြီးများကို  ပံ့ပိုးပေးနိုင်မည့် စျေးကွက်များဆီသို့ ရွှေ့လျားသွားစေပါကြောင်း၊ အထူးသဖြင့် မြေနေရာကျယ်ဝန်ပြီး လျှပ်စစ်ဓာတ်အားခသက်သာမည့် အိန္ဒိယ၊ မလေးရှားနှင့် အရှေ့တောင်အာရှနိုင်ငံအချို့သို့ ရင်းနှီးမြှုပ်နှံမှုများကို ရောက်ရှိသွားစေပါကြောင်း CBRE ၏ကျွမ်းကျင်သူ Madden ကပြောကြားကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း အချို့သောအိမ်ခြံမြေပိုင်ရှင်များအနေဖြင့် ငှားရမ်းမည့်သူများ၏ ငွေကြေးခိုင်မာမှုအပေါ် ယုံကြည်စိတ်ချရမှုအားနည်းပါက သတိကြီးစွာထားနေကြဆဲဖြစ်၍ AI စနစ်ကို လက်ခံကျင့်သုံးမှုမှာ ရွေးချယ်မှုအလိုက်သာ ရှိနေသေးကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်၏နည်းပညာဆိုင်ရာ စိန်ခေါ်ချက်နှင့် အားသာချက်များ

ဟောင်ကောင်တွင် တရုတ်ပြည်မကြီးအခြေစိုက် အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုဖြစ်သည့် Range Intelligent Computing Technology သည် ယခုနှစ်ဆန်းပိုင်းက မြောက်ပိုင်းမဟာဗျူဟာမြောက်မြို့သစ်(Northern Metropolis)၌ အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ ဒေတာစင်တာစီမံကိန်းသစ်တစ်ခုကို စတင်တည်ဆောက်ခဲ့ပါကြောင်း၊ အဆိုပါဒေတာစင်တာသည် ဟောင်ကောင်၏ AI လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာကုမ္ပဏီများနှင့် ပညာရှင်များကို ဆွဲဆောင်နိုင်ရေးတို့အတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်လာရန် မျှော်မှန်းထားပြီး ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ ချမှတ်ထားသော တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်အမျိုးသားစီမံကိန်းနှင့်လည်း ကိုက်ညီမှုရှိကြောင်း ဖော်ပြထားပါသည်။

သို့ရာတွင် CBRE ၏အဆိုအရ နည်းပညာဆိုင်ရာ ကန့်သတ်ချက်များက ဟောင်ကောင်အနေဖြင့် AI ဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းအပေါ် အဟန့်အတားဖြစ်နေစေပါကြောင်း၊ ဟောင်ကောင်မြို့တွင်းရှိ ဒေတာစင်တာအများစုကို Rack တစ်ခုလျှင် ၅ ကီလိုဝပ်မှ ၁၅ ကီလိုဝပ်နှုန်းဖြင့်သာ ဒီဇိုင်းဆွဲတည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ ထိုကန့်သတ်ချက်သည် AI လုပ်ငန်းများအတွက် လိုအပ်သောမြင့်မားသည့်သိပ်သည်းဆဖြစ်သည့် Rack တစ်ခုလျှင် ၄၀ ကီလိုဝပ်နှင့်အထက် လိုအပ်သည့်စွမ်းအင်ပမာဏကို ပံ့ပိုးပေးရန်လုံလောက်မှုမရှိပါကြောင်း အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်ဟု ဖော်ပြထားပါသည်။

ထိုသို့စိန်ခေါ်ချက်များရှိနေသော်လည်း ဟောင်ကောင်၏အားသာချက်မှာ တရုတ်ပြည်မကြီးနှင့်နိုင်ငံတကာစျေးကွက်များအကြား လုပ်ငန်းလည်ပတ်မှုများကို ချိတ်ဆက်ပေးနိုင်မည့်ဥပဒေလိုက်နာမှုရှိပြီး အန္တရာယ်နည်းပါးသော တံခါးပေါက်(Gateway)တစ်ခုအဖြစ်ရှိနေခြင်းပင်ဖြစ်သည်ဟု JLL အိမ်ခြံမြေလုပ်ငန်း၏ အရင်းအနှီးစျေးကွက်ဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Chris Young က ပြောကြားခဲ့ ကြောင်း ဖော်ပြထားပါသည်။

AI စနစ်များ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်(AI Inference)များသည် တုံ့ပြန်မှုအလွန်မြန်ဆန်ခြင်း(Low Latency)နှင့် မြန်နှုန်းမြင့်အချက်အလက်စီးဆင်းမှုစနစ်များအပေါ် အဓိကအလေးထားခြင်းကြောင့် ဟောင်ကောင်တွင် ရေအောက်ကေဘယ်လ်လိုင်းဆိုက်ကပ်ရာစခန်းများ(Submarine Cable Landing Stations)အဆမတန်များပြားစွာစုစည်းနေခြင်းက အာရှ-ပစိဖိတ်ဒေသတွင်းသို့ AI Token များနှင့် အလိုအလျောက်စနစ်သုံးလုပ်ငန်းစဉ် (Agent Workflows)များကို ချက်ချင်းလမ်းကြောင်းပြောင်းချိတ်ဆက်ပေးနိုင်မည့် အကောင်းဆုံးဒေသတွင်းဗဟိုချက်(Regional Hub)တစ်ခုဖြစ်လာစေပါသည်ဟု Young က ရှင်းပြကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် ခေတ်မီမြို့ပြစီမံကိန်း(Smart City Blueprint)တည်ဆောက်ခြင်းကဲ့သို့သော အစိုးရ၏ ဦးဆောင်လှုံ့ဆော်မှုများသည် ဤနည်းပညာကို လက်ခံကျင့်သုံးမှုကို ပိုမိုမြန်ဆန်စေခဲ့ပြီး ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး(Logistics)နှင့် ကုန်ထုတ်လုပ်ငန်းများအပါအဝင် ဒေသတွင်းကဏ္ဍအသီးသီးကို သက်ဆိုင်ရာရုံးတွင်း၌သာထားရှိသည့်နည်းပညာအခြေခံအဆောက်အအုံ(On-premise Infrastructure)များမှတစ်ဆင့် Hybrid Cloud(သမားရိုးကျစနစ်နှင့် Cloud စနစ် ရောနှောထားသော)ပတ်ဝန်းကျင်သို့ ကူးပြောင်းလာစေရန် တွန်းအားပေးလျက်ရှိကြောင်း JLL အိမ်ခြံမြေလုပ်ငန်းက မှတ်ချက်ပြုခဲ့ကြောင်း ဖော်ပြထားပါသည်။

JLL အိမ်ခြံမြေလုပ်ငန်း၏ အရင်းအနှီးစျေးကွက်ဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Chris Young က ၎င်းတို့အနေဖြင့် ဟောင်ကောင်၏ဒေတာစင်တာကဏ္ဍ ရေရှည်အလားအလာအပေါ် သတိကြီးစွာဖြင့် အကောင်းမြင်ထားဆဲဖြစ်ပါကြောင်း၊ သမားရိုးကျ Cloud ဝန်ဆောင်မှုများ တိုးတက်လာခြင်းအပြင် AI Inference လုပ်ငန်းစဉ်များတိုးပွားလာခြင်းကြောင့်ပါ လက်ရှိရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများသည် ဥပဒေစီရင်ပိုင်ခွင့်နေရာနှစ်ခုလုံး(တရုတ်နှင့် နိုင်ငံတကာ)တွင် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် Dual-jurisdiction Node မျိုးကို ရှာဖွေနေကြခြင်းကြောင့် သမားရိုးကျ Cloud နှင့် Hybrid Cloud များနှင့် ဒေတာစင်တာနေရာပူးတွဲငှားရမ်းခြင်းဝန်ဆောင်မှု(Co-location Services)များအတွက် ဈေးကွက်လိုအပ်ချက်သည် ဆက်လက်တည်ငြိမ်ခိုင်မာနေဆဲဖြစ်ပါကြောင်း  သုံးသပ်ခဲ့သည်ဟု ဖော်ပြထားပါကြောင်း တင်ပြအပ်ပါသည်။

Source: https://www.scmp.com/business/article/3354407/ai-boom-fuels-us116b-data-centre-investment-asia-pacific-hong-kong-eyes-niche-role

(ဖြိုးဖြိုးဝင်း၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)