India (Delhi)

ဝါဂွမ်းသွင်းကုန်ခွန်ဖယ်ရှားပေးရန် လုပ်ငန်းရှင်များ၏ တောင်းဆိုချက်အပေါ် အိန္ဒိယအစိုးရက "အဆင့်မြင့်ဆွေးနွေးညှိနှိုင်းမှုများ" ပြုလုပ်နေ

Last Updated:

ဝါဂွမ်းကုန်ကြမ်းတင်သွင်းမှုအပေါ် ကောက်ခံထားသည့် အကောက်ခွန် ၁၁ ရာခိုင်နှုန်းကို ဖယ်ရှားပေးနိုင်ခြင်း ရှိ၊ မရှိနှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် အဆင့်မြင့်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ဆောင်ရွက်နေပြီး မကြာမီဆုံးဖြတ်ချက်ထွက်ပေါ်လာရန် မျှော်လင့်ရကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အထည်အလိပ်လုပ်ငန်းရှင်များက ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်းကုမ္ပဏီများအပေါ် ကျရောက်နေသည့် ကုန်ကျစရိတ်ဖိအားများကို လျှော့ချနိုင်ရန် အဆိုပါအခွန်ကို ဖယ်ရှားပေးရန် တောင်းဆိုထားရှိမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး၊ အထည်အလိပ်နှင့် စိုက်ပျိုးရေးဝန်ကြီးဌာနများအပါအဝင် ဝန်ကြီးဌာနအသီးသီးက အဆိုပါအခွန်ကိစ္စကို ဆွေးနွေးတိုင်ပင်လျက်ရှိပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်စိုက်ပျိုးရေးဝန်ကြီးဌာနတို့အနေဖြင့် မကြာမီအဆိုပါဆွေးနွေးညှိနှိုင်းမှုများကို အပြီးသတ် နိုင်မည်ဟုမျှော်လင့်ပါကြောင်း အရာရှိတစ်ဦးက Press Trust of India(PTI)သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

အဝတ်အထည်လုပ်ငန်းကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မကြာသေးမီက ဒုတိယသမ္မတ C P Radhakrishnan၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ အဆိုပါအခွန်ကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြပါသည်။

ယခုနှစ်အတွက် အထည်အလိပ်လုပ်ငန်း၏ ဝါဂွမ်းလိုအပ်ချက်မှာ ဘေလ်(bales) ၃၃၇ သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း၊ ၂၀၂၅-၂၆ ရာသီအတွက် ဝါဂွမ်းဝင်ရောက်မှုမှာ ဘေလ် ၂၉၂.၁၅ သိန်းသာရှိမည်ဟု ခန့်မှန်းထားသောကြောင့် ဘေလ် ၄၅ သိန်းခန့်လိုအပ်ချက်ရှိနေကြောင်း အဆိုပါကိုယ်စားလှယ်အဖွဲ့က တင်ပြခဲ့ပါသည်။

အရည်အသွေးမြင့် ကုန်ကြမ်းရရှိမှုအကန့်အသတ်ရှိခြင်းနှင့် သွင်းအားစုစရိတ်များမြင့်တက်လာခြင်းတို့ကြောင့် အဆိုပါပြတ်လပ်မှုသည် ချည်ငင်စက်ရုံများနှင့် နောက်ဆက်တွဲအထည်အလိပ်ထုတ်လုပ်သူများအပေါ် ဖိအားများကျရောက်စေကြောင်း ၎င်းတို့က တင်ပြထားပါသည်။

Source: Govt in 'advanced stage of consultation' on industry's demand for cotton import duty removal: The Economic Times: May 24, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)