ယူအေအီးနိုင်ငံ၏ ဖက်ဒရယ်အခွန်အကောက်အာဏာပိုင်အဖွဲ့(FTA)သည် အခွန်မလိုက်နာမှုနှင့် အခွန်တိမ်းရှောင်မှုများကို တိုက်ဖျက်သည့်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ၎င်းတို့၏ စျေးကွက်ကြီးကြပ်ရေးလုပ်ငန်းများကို သိသိသာသာအရှိန်မြှင့်လုပ်ဆောင်ခဲ့ပါသည်။
FTA သည် ယူအေအီးနိုင်ငံရှိပြည်နယ်အားလုံးတို့တွင် ကွင်းဆင်းစစ်ဆေးမှုပေါင်း ၄၀,၅၈၀ ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလက ၁၇,၃၁၀ ကြိမ်စစ်ဆေးမှုပြုလုပ်ခဲ့သည်ထက် ၁၃၄ % တိုးတက်လာခဲ့ပါသည်။ စစ်ဆေးရေးလှုံ့ဆော်မှုအရေအတွက်မှာလည်း ၁၀၉ ကြိမ်အထိ ၄ % တိုးတက်လာခဲ့ပါသည်။
ဤသို့သောစစ်ဆေးမှုများသည် အခွန်ပြေစာများထုတ်ပေးခြင်း၊ အခွန်ပါဝင်မှုရှိသော စျေးနှုန်းများကိုပြသခြင်းနှင့် ကုန်ပစ္စည်းများအပေါ် အခွန်ပေးဆောင်ခြင်းစသည့် အခွန်ဥပဒေများကို စီးပွားရေးလုပ်ငန်းများမှ လိုက်နာမှုရှိစေရေးအပေါ် အာရုံစိုက်ဆောင်ရွက်ခြင်းဖြစ်ပါသည်။
FTA ၏ ညွှန်ကြားရေးမှူးချုပ် Khalid Ali Al Bustani က စျေးကွက်ကြီးကြပ်ကွပ်ကဲမှုကို မြှင့်တင်ရန်နှင့် မှောင်ခိုထုတ်ကုန်များရောင်းချခြင်းကို တားဆီးသွားမည့်အာဏာပိုင်များ၏ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့ပါသည်။
FTA ၏ ပြင်းထန်သောကြိုးပမ်းမှုများကြောင့် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ချိုးဖောက်မှုပေါင်း ၆,၂၁၀ ခုတွေ့ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်တွင် ချိုးဖောက်မှု ၁,၇၄၀ ခုတွေ့ရှိခဲ့သည်ထက် ၂၅၆ % တိုးတက်လာခဲ့ပါသည်။ အယူခံမှုအရေအတွက်မှာလည်း နှစ်ဆတိုးတက်လာခဲ့ကာ အခွန်စည်းမျဉ်းများကို ပိုမိုကောင်းမွန်စွာလိုက်နာမှုကို ညွှန်ပြလျက်ရှိပါသည်။
ထို့အပြင်အာဏာပိုင်များသည် ဆေးရွက်ကြီးနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းအထုပ်ပေါင်း ၅.၅၂ သန်းနှင့်အခြားယစ်မျိုးကုန်ပစ္စည်းအထုတ်ပေါင်း ၁.၇၄ သန်းအပါအဝင် လိုက်နာမှုမရှိသော ကုန်ပစ္စည်းပေါင်း ၇.၂၆ သန်းတို့ကို သိမ်းဆည်းရရှိခဲ့ပါသည်။
FTA သည် စားသုံးသူအခွင့်အရေးများနှင့် ယူအေအီးနိုင်ငံစျေးကွက်၏ ခိုင်မာမှုတို့ကို အာမခံချက်ပေးရန်အတွက် စစ်ဆေးရေးလုပ်ငန်းများ၏ထိရောက်မှုကိုမြှင့်တင်ရန်အတွက် ဗဟိုအစိုးရနှင့်ဒေသတွင်း အဖွဲ့အစည်းများတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူးဘိုင်းမြို့)