India (Kolkata)

အိန္ဒိယဘာစမာတီဆန်၏ ပို့ကုန်ဈေးနှုန်းသည် အစိုးရသတ်မှတ်သည့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းအောက် ကျဆင်းကာ ဝယ်သူမရှိသလောက်နည်းပါးလျက်ရှိ

Last Updated:

အိန္ဒိယဘာစမာတီဆန်၏ ပို့ကုန်ဈေးနှုန်းသည် အစိုးရသတ်မှတ်သည့် အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းဖြစ်သော ၁ တန်လျှင် ကန်ဒေါ်လာ ၉၅၀ အောက်သို့ ကျဆင်းလျက်ရှိပြီး၊ လက်ရှိတွင် ၁ တန်လျှင် ကန်ဒေါ်လာ ၈၀၀ မှ ၈၅၀ ရှိသော်လည်း ဝယ်သူမရှိသလောက်နည်းပါးလျက်ရှိကြောင်း Economic Times သတင်းဌာနက ယခုလ ၂၈ ရက်က ဖော်ပြသည်။

ဘာစမာတီဆန်၏ ပြည်တွင်းဆန်ဈေးနှုန်းများမှာလည်း ၁ ကီလိုဂရမ်လျှင် ရူပီး ၇၅ မှ ၆၅ သို့ ကျဆင်းလျက်ရှိကြောင်း သိရသည်။ ဆန်တင်သွင်းသောနိုင်ငံများအနေဖြင့် အိန္ဒိယအစိုးရ၏ အပြောင်းအလဲမြန်သော အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းသတ်မှတ်ချက်ကြောင့် စိုးရိမ်မကင်းဖြစ်ကာ ဘာစမာတီဆန်များကို ပမာဏအမြောက်အများဝယ်ယူခဲ့ကြကြောင်း အိန္ဒိယဆန်ကုန်သည်ကြီးနှစ်ဦးက ပြောကြားခဲ့သည်။ အိန္ဒိယအစိုးရသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လက ဘာစမာတီဆန်၏အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းကို ၁ တန်လျှင် ကန်ဒေါ်လာ ၁၂၀၀ တိုးမြှင့်သတ်မှတ်ထားရာမှ တစ်ဖန် အောက်တိုဘာလတွင် ကန်ဒေါ်လာ ၉၅၀ သို့ လျှော့ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ပန်ဂျပ်ပြည်နယ် ဆန်တင်ပို့ရောင်းချသူများအသင်း(Punjab Rice Exporters Association) က အစိုးရ၏ လက်ရှိအနိမ့်ဆုံးပို့ကုန်ဈေးနှုန်းသတ်မှတ်ချက်ကြောင့် ဆန်တင်ပို့သူများ နစ်နာမှုမရှိစေရန် အဆိုပါဈေးနှုန်းကျဆင်းသည့်ကိစ္စကို အရေးယူဆောင်ရွက်ပေးရန် စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားသောက်ကုန်ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့(Agriculture and Processed Food Product Development Authority-APEDA)ထံ စာရေးသားပေးပို့ခဲ့ကြောင်း သိရသည်။ APEDA သည် ဘာစမာတီဆန်အရောင်းအဝယ်စာချုပ်များကို မှတ်ပုံတင်ထုတ်ပေးရသော အဓိကအစိုးရဌာနတစ်ခုဖြစ်ကြောင်း သိရသည်။

ပြည်ပမှဆန်ဝယ်သူများသည် အိန္ဒိယအစိုးရ၏ ခန့်မှန်းရန်ခက်ခဲသော ဆန်မူဝါဒကြောင့် ဘာစမာတီဆန်များကို အလုံးအရင်းဖြင့် ဝယ်ယူခဲ့ကြသလို၊ ပါကစ္စတန်နိုင်ငံမှ ဘာစမာတီဆန်များကို လည်းဝယ်ယူကာ ၎င်းတို့၏ဆန်လက်ကျန်ကို ဖြည့်တင်းထားခဲ့ကြောင်း အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဆန်တင်ပို့သူများအသင်း၏ ဥက္ကဌဟောင်းလည်းဖြစ်ကာ ဘာစမာတီဆန်အဓိကတင်ပို့သူတစ်ဦးလည်းဖြစ်သော Vijay Setia က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ဘာစမာတီဆန်ကို ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့်စားသုံးမှုမရှိဘဲ ပြည်ပသို့သာအဓိကထား၍ တင်ပို့ရောင်းချလျက်ရှိသည်။ ဘာစမာတီဆန် တန်ချိန် ၆ ဒသမ ၅ သန်းခန့်အား နှစ်စဉ်ထုတ်လုပ်ပြီး၊ တန်ချိန် ၅ သန်းခန့်ကို ပြည်ပသို့ တင်ပို့ကာ သုညဒသမ ၅ သန်းခန့်ကို ပြည်တွင်း၌ စားသုံးပြီး၊ ဆန်လက်ကျန်များကို နောင်နှစ်အတွက် ဖယ်ချန်ထားလေ့ရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ခါရစ်(မိုး)ရာသီတွင် ဘာစမာတီဆန်တန်ချိန် ၈ သန်းခန့်ထုတ်လုပ်နိုင်ခဲ့ပြီး၊ ယခင်နှစ် ရာသီကထက် ၂၃ ရာခိုင်နှုန်းပိုမိုထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ယင်းအနက် ပြည်ပသို့ တန်ချိန် ၅ ဒသမ ၂၅ သန်းခန့်တင်ပို့ခဲ့ပြီးဖြစ်ကာ ပြည်တွင်းတွင် တန်ချိန် ၁ ဒသမ ၂၅ သန်းခန့်စားသုံးသည့်အတွက် ယခုနှစ်အတွက် ဆန်လက်ကျန်များရှိနေဦးမည်ဖြစ်ကြောင်း Setia က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ခါရစ်ရာသီတွင် မုတ်သုန်မိုးအခြေအနေ ပုံမှန်ရှိသည့်အတွက် ဘာစမာတီဆန်ထုတ်လုပ်မှု ပိုမိုတိုးတက်လာဖွယ်ရှိကြောင်း၊ လယ်သမားများက ဆန်မျိုးစေ့မျိုးကောင်းများကို အရေအတွက်အများအပြားဝယ်ယူထားကြပြီးဖြစ်ကြောင်း၊ အကယ်၍ အစိုးရမှ အနိမ့်ဆုံးပို့ကုန်ဈေးသတ်မှတ်ချက်အား မည်သို့မျှအရေးယူဆောင်ရွက်ခြင်းမရှိပါက ဘာစမာတီဆန်တင်ပို့ရောင်းချမှုကို ထိခိုက်စေကာ အဓိကပြိုင်ဖက်ပါကစ္စတန်နိုင်ငံက ဆန်ဈေးကွက်တွင် နှာတစ်ဖျားသာသွားနိုင်ကြောင်း၊ ပြည်တွင်းဆန်ဈေးနှုန်းမှာလည်း ၁၀-၂၅ ရာခိုင်နှုန်းအထိကျဆင်းနေပြီး၊ ဆက်လက်၍ ကျဆင်းဖွယ်ရှိကြောင်း Haryana ပြည်နယ်အခြေစိုက် LRNK ဆန် ပို့ကုန်လုပ်ငန်းမှ စီမံခန့်ခွဲသူတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ်မိုးရေချိန်၏ ၇၅ ရာခိုင်နှုန်းခန့်ကို လေးလတာကြာမြင့်သော မုတ်သုန်ရာသီကာလအတွင်း အဓိကရရှိလေ့ရှိကြောင်း သိရသည်။

ရည်ညွှန်း။          The Economic Times of India, Basmati rice export prices plummet below government MEP, global buyers stay away, 28 May, 2024.         

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)