India (Kolkata)

အိမ်နီးချင်းနိုင်ငံများမှ ချင်း(ဂျင်း)နှင့် ကွမ်းသီးအမြောက်အများတင်သွင်းမှုကြောင့် မီဇိုရမ်တောင်သူများကို ထိခိုက်နစ်နာစေသည်ဟု ပြည်နယ်အထက်လွှတ်တော်အမတ်ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများမှ ချင်း(ဂျင်း)နှင့် ကွမ်းသီးအမြောက်အများတင်သွင်းမှုကြောင့် မီဇိုရမ်ပြည်နယ်နှင့် အရှေ့မြောက်ဒေသရှိ တောင်သူများကို ထိခိုက်နစ်နာစေသည်ဟု ပြည်နယ်အထက်လွှတ်တော်အမတ် K. Vanlalvena က ထုတ်ဖေါ်ပြောကြားခဲ့ကြောင်း Northeast Live ရုပ်သံသတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ယခုလ ၂၅ ရက်က ဖော်ပြထားသည်။

အဆိုပါပြည်နယ်အထက်လွှတ်တော်အမတ်က တရုတ်နိုင်ငံမှ ချင်း(ဂျင်း)တင်သွင်းမှုကြောင့် အရှေ့မြောက်ဒေသမှ တောင်သူလယ်သမားများကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ပြည်ပမှ အဆိုပါကုန်ပစ္စည်းများတင်သွင်းမှုကို ချက်ချင်းရပ်တန့်ပေးရန် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားသော ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းမှုကြောင့် ၎င်းတို့အနေဖြင့် လတ်ဆတ်သောချင်း(ဂျင်း)နှင့် ကွမ်းသီးသီးနှံများရောင်းချရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း Vanlalvena က ပြောကြားခဲ့သည်။ အဆိုပါသီးနှံနှစ်မျိုးသည် အရှေ့မြောက်ဒေသပြည်သူများအတွက် အဓိကအသက်မွေးဝမ်းကျောင်းမှုပြုရာ အရင်းအမြစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါလွှတ်တော်အမတ်က တရုတ်နိုင်ငံမှ ချင်း(ဂျင်း)အမြောက်အများတင်သွင်းမှုကို ချက်ချင်းရပ်တန့်ပေးရန် ဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။ ယင်းသို့မလိုအပ်ဘဲ ပြည်ပမှ ချင်း(ဂျင်း)နှင့် ကွမ်းသီးအမြောက်အများတင်သွင်းမှုသည် အရှေ့မြောက်ဒေသရှိ တောင်သူများ၏အလုပ်အကိုင်ကို ပျက်ပြားစေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် ကောက်ပဲသီးနှံများ နယ်စပ်ဖြတ်ကျော်မှောင်ခိုရောင်းဝယ်ရာတွင် အိန္ဒိယ-မြန်မာနယ်စပ်မှ မှောင်ခိုသမားများနှင့် အစိုးရအရာရှိများ ပါဝင်ပတ်သက်ဖွယ်ရှိကြောင်း အရှေ့ မြောက်ဒေသမှ လူအများက ယူဆသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းရင်းမြစ်။   Ginger & Areca Nut Imports From Neighouring Countries Hurting Mizoram Farmers: RS MP K Vanlavena | Northeast Live

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)