ဂျာမနီသည် စီးပွားရေးကျဆင်းမှုများနှင့် ရင်ဆိုင်နေရသဖြင့် ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေးလုပ်ငန်းစုများ၏ ဒေဝါလီခံမှုများမြင့်တက်လာခဲ့ရာ ယင်းသည် ဆယ်စုနှစ်(၁)ခုကျော်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါ သည်။
Credit Agency တစ်ခုဖြစ်သော Creditreform ၏အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်၌ ကုမ္ပဏီပေါင်း(၂၃,၉၀၀)ခန့်သည် ဒေဝါလီခံရန်လျှောက်ထားသည်ဟု ခန့်မှန်းရကြောင်း၊ ယင်းပမာဏသည် ၂၀၂၄ ခုနှစ်ထက် (၈.၃)ရာခိုင်နှုန်းခန့်တိုးလာခြင်းဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးပမာဏဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ဒေဝါလီခံမှုပမာဏမြင့်တက်လာခြင်းသည် ဝန်ထမ်း(၁၀) ဦးအထိရှိသော အသေးစားစီးပွားရေးလုပ်ငန်းများပါဝင်သည့် ကုမ္ပဏီငယ်များတွင် ဒေဝါလီခံမှုများမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ယခုနှစ်၏စီးပွားရေးတိုးတက်မှုနှုန်းသည် ယခင်နှစ်များကထက် နှေးကွေးနေမည်ဖြစ်သော်လည်း မြင့်တက်လာသောကိန်းဂဏန်းအချို့ကိုမြင်တွေ့ရခြင်းမှာ (၂)နှစ်ကြာစီးပွားရေးကျဆင်းမှုများကို ရင်ဆိုင်ခဲ့ရသော ဂျာမန်စီးပွားရေးလုပ်ငန်းများအနေဖြင့် နက်ရှိုင်း သောစိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့၍ ယခုကဲ့သို့ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
စီးပွားရေးလုပ်ငန်းများမှာ အကြွေးများတင်နေသဖြင့် ချေးငွေအသစ်များရရှိရန် ရုန်းကန်နေရကြောင်း၊ တစ်ဖက်တွင်လည်း စွမ်းအင်ဈေးနှုန်းများမြင့်တက်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများပြောင်းလဲခြင်းကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများနှင့် ရင်ဆိုင်နေရကြောင်းနှင့် ယင်းအခြေအနေသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ဖိအားများရရှိစေကာ လုပ်ငန်းလည်ပတ်မှုများအပေါ်ထိခိုက်စေခဲ့ကြောင်း Creditreform ၏စီးပွားရေးသုတေသနအကြီးအကဲဖြစ်သူ Patrik-Ludwig Hantzsch က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခုချင်းစီအနေဖြင့် ငွေကြေးဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများမှာ အလုပ်အကိုင်အပေါ် သက်ရောက်မှုနည်းပါးသော်လည်း ဘဏ်များအပါအဝင် ၎င်းတို့အား ငွေချေးပေးထားသူများ၏ ငွေကြေးဆိုင်ရာဆုံးရှုံးမှုများမှာ သိသာစွာရှိနေခဲ့ကြောင်းနှင့် ပျမ်းမျှအားဖြင့် ဒေဝါလီခံမှုတစ်ခုလျှင် ငွေကြေးဆုံးရှုံးမှုယူရို(၂)သန်းကျော်ခန့်အထိရှိနိုင်ကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။
ယင်းသို့ဒေဝါလီခံမှုအခြေအနေကြောင့် လုပ်သားအင်အား(၂၈၅,၀၀၀)ခန့် သက်ရောက်မှုရှိလိမ့်မည်ဟုခန့်မှန်းထားရာ ယင်းပမာဏသည် ယမန်နှစ်က ထိခိုက်ခဲ့သော လုပ်သားဦးရေပမာဏ(၂၉၁,၀၀၀)နှင့်နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျသွားကြောင်း သိရှိရပါ သည်။
ထို့ပြင် ဂျာမန်စီးပွားရေးသည် ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းလာနေပြီး၊ကုန်ကျစရိတ်မြင့်မားနေမှုများ၊ ဗျူရိုကရေစီစနစ်နှင့် ဆက်လက်ဖြစ်ပွားနေသော စီးပွားရေးအားနည်းမှုများသည် ဒေဝါလီခံမှုများကို ဆက်လက်ဖြစ်ပေါ်စေလိမ့်မည်ဟု Creditreform ၏ CEO ဖြစ်သူ Bernd Buetow ကလည်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
ယင်းသို့ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ လူနေမှုစရိတ်မြင့်မားခြင်း၊ အလုပ်အကိုင်လျှော့ချခြင်းနှင့် အလုပ်လက်မဲ့နှုန်းမြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ယင်းသည် အိမ်ထောင်စုများစွာကို အကန့်အသတ်တစ်ခုအထိ တွန်းပို့နေသည့်အတွက် လူအများအကြွေးတိုးပွားလာကြကြောင်း၊ လက်ရှိတွင် ဂျာမန်နိုင်ငံသား (၅.၆၇)သန်းခန့်သည် အကြွေးအလွန်အကျွံခံစားနေကြရကြောင်း Hantzsch က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။
Source: https://www.reuters.com/business/german-corporate-bankruptcies-surge- decade-high-2025-2025-12-08/
(သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်မြို့)