Vietnam

ဗီယက်နမ်နိုင်ငံမှ ပိန္နဲသီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်

Last Updated:

တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ဗီယက်နမ်နိုင်ငံမှ ပိန္နဲသီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ၎င်း၏ဝက်ဘ်ဆိုဒ်၌ ကြေညာခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှ ပိန္နဲသီးများကို အဓိကအားဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်ပြီး သစ်သီးထွက်ရှိချိန်၌ စျေးနှုန်းကျဆင်းမှုများဖြစ်ပေါ်လေ့ရှိကြောင်း၊ ဗီယက်နမ်သည် လက်ရှိတွင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ Ben Tre နှင့် Tien Giang ပြည်နယ်များတွင် အဓိကထား၍ ပိန္နဲပင်စိုက်ဧက ၈၄,၀၀၀ ခန့်ရှိပြီး နှစ်စဉ် အထွက်နှုန်းမှာ တန်ချိန်(၁)သန်းကျော်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ပိန္နဲသီးတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ (၁၄၆)သန်းခန့်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှ တင်ပို့လာနိုင်မည်ဖြစ်၍ တင်ပို့မှုသိသိသာသာမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း သိရှိရသည်။

GACC ၏ကြေညာချက်အရ တရုတ်နိုင်ငံသည် စိုးရိမ်ရသည့်သီးသန့်ပိုးမွှား(၉)ခုကို သတ်မှတ်ထားပြီး ၎င်းတို့မှာ breadfruit fruit fly (Bactrocera umbrosa)၊ mealybug Dysmicoccus lepelleyi၊ gray pineapple mealybug (Dysmicoccus neobrevipes)၊ jackfruit borer moth (Glyphodes caesalis)၊ coffee mealybug (Planococcus lilacinus)၊ passionvine mealybug (Planococcus lilacinus)၊ mango mealybug (Rastrococcus invadens)၊ Philippine mango mealybug (Rastrococcus spinosus) နှင့် stellate scale (Vinsonia stellifera)တို့ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ပိန္နဲသီးများကို တင်ပို့ရောင်းချမည့် ဥယျာဉ်ခြံများသည် ခိုင်မာသောအရည်အသွေးစီမံခန့်ခွဲမှုနှင့် ခြေရာခံနိုင်မှုစနစ်များထူထောင်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ပေါင်းစည်းထားသော ပိုးမွှားစီမံခန့်ခွဲမှုနည်းစနစ်များကို လိုက်နာရမည်ဖြစ်ကာ ပုပ်သိုးနေသော (သို့မဟုတ်)ကြွေကျနေသောအသီးများကို ချက်ခြင်းဖယ်ရှားကာ ဥယျာဉ်ခြံတွင်း သန့်ရှင်းစွာထားရှိရမည်ဖြစ်ကြောင်း သိရသည်။

ထုပ်ပိုးသည့်လုပ်ငန်းစဉ်အတွင်း ပိုးမွှားများ၊  ပုပ်နေသောအသီးများ၊ အကိုင်းအခက်များ၊ အရွက်များ၊ အမြစ်များနှင့် မြေဆီလွှာများမပါရှိစေရေးအတွက် တရုတ်နိုင်ငံသို့တင်ပို့မည့် ပိန္နဲသီးများကို သန့်စင်ခြင်း၊ အရွယ်အစားခွဲခြင်း၊ အရည်အသွေးသတ်မှတ်ခြင်းနှင့် ပျက်စီးနေသောအသီးများကို ဖယ်ရှားခြင်းကဲ့သို့သောလုပ်ငန်းစဉ်များဆောင်ရွက်ရန်လိုအပ်ကြောင်း၊အသီးမျက်နှာပြင်ကို ဖိအားမြင့်လေ (သို့မဟုတ်)ရေပန့်များဖြင့် ပွတ်တိုက်ဆေးကြောသန့်စင်ပေးရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက အင်းဆက်ပိုးမွှားဥများနှင့် ရောဂါ ပိုးမွှားများကို ထိရောက်စွာ ဖယ်ရှားနိုင်စေရန် ပျော့ပျောင်းပြီး သန့်ရှင်းသောအဝတ်စဖြင့် အသီးမျက်နှာပြင်ကို လက်ဖြင့် သန့်ရှင်းပေးရမည်ဖြစ်ကြောင်း သိရသည်။

စတင်တင်ပို့သည့် ပထမဆုံးနှစ်တွင် ဗီယက်နမ်စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနသည် တရုတ်နိုင်ငံသို့ တင်ပို့မည့် လတ်ဆတ်သော ပိန္နဲသီးများ၌ ပိုးမွှားများကျရောက်မှုရှိ/မရှိစစ်ဆေးရန် အသီးများ၏(၂)ရာခိုင်နှုန်းကို ကျပန်းနမူနာများယူ၍ စစ်ဆေးရန်လိုအပ်ကြောင်း၊ ပထမနှစ်တွင် ပိုးမွှားပြဿနာများမရှိပါက နမူနာနှုန်းကို (၁)ရာခိုင်နှုန်းသို့ လျှော့ချနိုင်‌ကြောင်း၊ သို့ရာ တွင် မသန့်ရှင်းသော ပိန္နဲသီးများတွေ့ရှိပါက တရုတ်နိုင်ငံအနေဖြင့် တင်ပို့မှုအားလုံးကို ငြင်းပယ်ခြင်း (သို့မဟုတ်) လက်ကျန် ရာသီ ၌ ဥယျာဉ်ခြံများနှင့် ထုပ်ပိုးသည့်စက်ရုံများမှ တင်ပို့မှုများကို ရပ်ဆိုင်းခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Source: https://www.producereport.com/article/fresh-vietnamese-jackfruit-approved-import-china

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: Vietnam