China(Nanning)

နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်လက်မှတ်များအား အပြန်အလှန်အသိအမှတ်ပြုမှုကို မြှင့်တင်ရန် တရုတ်နိုင်ငံသည် ပြန်လည်ပြင်ဆင်ထားသည့် နိုင်ငံခြားကုန်သွယ်မှုဥပဒေကို အတည်ပြုလိုက်

Last Updated:

အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီအစည်းအဝေးက ၂၇-၁၂-၂၀၂၅ ရက်နေ့တွင် အတည်ပြုလိုက်သည့် ပြန်လည်ပြင်ဆင်ထားသော နိုင်ငံခြားကုန်သွယ်မှုဥပဒေသည် ၂၀၂၆ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှစ၍ စတင်အသက်ဝင်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဥပဒေကို ၁၉၉၄ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ပထမဆုံးအကြိမ်ပြန်လည်ပြင်ဆင်ခဲ့ကြောင်း၊ ယခုပြန်လည်ပြင်ဆင်သည့်ဥပဒေတွင် အခန်း (၁၁) ခန်းပါဝင်ကြောင်း သိရသည်။

အဓိကကျသော ပြန်လည်ပြင်ဆင်မှုများတွင် ခိုင်မာသောကုန်သွယ်မှုနိုင်ငံတည်ဆောက်ရေးကို မြှင့်တင်ရန်၊ တရားမျှတသော နိုင်ငံ တကာစီးပွားရေးနှင့် ကုန်သွယ်ရေးကို ကာကွယ်ရန်၊ နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေးကို ပုံစံမျိုးစုံဖြင့် မြှင့်တင်ရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးကို ပံ့ပိုးပေးရန် ပြဋ္ဌာန်းချက်များကို ထပ်မံဖြည့်စွက်ခဲ့ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ(National People's Congress-NPC)၊ ဥပဒေပြုရေးကော်မရှင်၏ပြောရေးဆိုခွင့်ရှိသူ Huang Haihua က ဒီဇင်ဘာ လ(၁၉)ရက်န့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ပြင်ဆင်မှုသည် နယ်စပ်ဖြတ်ကျော်ဘဏ္ဍာရေးဝန်ဆောင်မှုစနစ်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ်များနှင့် အီလက်ထရွန်နစ်လက်မှတ်များအား အပြန်အလှန်အသိအမှတ်ပြုမှုကို အဆင့်မြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကို မြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောကုန်သွယ်ရေးနှင့်ဆက်စပ်သည့် ထုတ်ကုန်စံနှုန်းများ၊ အသိအမှတ် ပြုလက်မှတ်နှင့် တံဆိပ်တပ်ခြင်းတို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံခြားကုန်သွယ်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုးပေးခြင်းတို့အပါအဝင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို အားကောင်းစေကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုနှင့် ငွေကြေးဝန်ဆောင်မှုယန္တရားများကို အဆင့်မြှင့်တင်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်ငွေရေးကြေးရေးဝန်ဆောင်မှုစနစ်နှင့်ပတ်သက်သည့် ပြန်လည်ပြင်ဆင်မှုများသည် ရှုပ်ထွေး၍ တည်ငြိမ်မှုမရှိသော ကမ္ဘာ့ကုန်သွယ်ရေးပတ်ဝန်းကျင်တွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် အန္တရာယ်များကို ခံနိုင်ရည်ရှိလာစေရန်ရည်ရွယ်ကြောင်း WTO လေ့လာရေးအဖွဲ့မှ အမှုဆောင်ကောင်စီအဖွဲ့ဝင် Li Yong က Global Times သို့ ပြောကြားခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံခြားကုန်သွယ်မှုစွမ်းရည်ကို အားကောင်းစေခြင်းသည် တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောစက်မှုလုပ်ငန်းများတွင် အားသာချက်များကို ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းအဖြစ် ပြောင်းလဲစေပြီး ဒစ်ဂျစ်တယ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိသောကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည် ဟုသိရသည်။

အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GAC)မှ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်စည်ကုန်သွယ်မှုသည် ယခုနှစ်ပထမ (၁၁)လတွင် ယွမ် (၄၁.၂၁)ထရီလီယံ(အမေရိကန်ဒေါ်လာ ၅.၈၃ ထရီလီယံ)ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၃.၆)ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ နိုဝင်ဘာလတစ်လတည်းတွင် ကုန်သွယ်မှုတိုးတက်မှုသည် တစ်နှစ်ထက်တစ်နှစ် (၄.၁)ရာခိုင်နှုန်းရှိခဲ့ပြီး ဖေဖော်ဝါရီလမှစပြီး (၁၀)လဆက်တိုက်တိုးတက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးရှိမှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မျှဝေခံစားနိုင်သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် မိတ်ဖက်နိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့သွားမည်ဟု GAC ၏ပြောရေးဆိုခွင့်ရှိသူ Lü Daliang က ပြောကြားခဲ့ကြောင်း၊ ပထမ(၁၁)လအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် ဒေသပေါင်း (၁၁၀)ကျော်ဖြင့် ကုန်သွယ်မှုတိုးတက်လာခဲ့ကြောင်း သိရသည်။

နိုင်ငံခြားကုန်သွယ်မှုဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းသည် ရေတိုတွင် နိုင်ငံခြားကုန်သွယ်မှုကို တည်ငြိမ်စေရန် ရည်ရွယ်သည်သာမက အရည်အသွေးမြင့်မားပြီး ရေရှည်တည်တံ့သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောရေရှည်အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်သည်ဟု Li က ပြောကြားခဲ့ကြောင်း၊ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၅)ကြိမ်မြောက်စီမံကိန်းကို ရေးဆွဲရန် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အကြံပြုချက်များနှင့် အပြည့်အဝညီညွတ်ကြောင်းနှင့် တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှုတွင် အရည်အသွေးနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး တရုတ်နိုင်ငံအား ခိုင်မာသော ကုန်သွယ်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲနိုင်ရန် လျင်မြန်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သိရသည်။

Source: https://www.globaltimes.cn/page/202512/1351621.shtml

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)