အိန္ဒိယတောင်သူလယ်သမားများအဖွဲ့(Rashtriya Kisan Mahasangh-RKM) က အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ထောက်ပံ့ ကြေးပေးထားသော စိုက်ပျိုးရေးထုတ်ကုန်များကို အိန္ဒိယနိုင်ငံသို့ စုပုံတင်ပို့လိုသည့်အခြေအနေကိုစိုးရိမ်မိသဖြင့် ၎င်းနှင့်ဆောင်ရွက် လျက်ရှိသော လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်(FTA)ဆိုင်ရာ ညှိနှိုင်းမှုများကိုရပ်တန့်ရန် အစိုးရအား တိုက်တွန်းခဲ့ ကြောင်း သိရသည်။
“အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ ကဏ္ဍအားလုံးကို လွှမ်းခြုံနိုင်တဲ့ ဘက်စုံလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အဖြစ် ပြောင်းလဲနိုင်တဲ့ ကြားဖြတ်ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်တော့မယ်လို့ ကျွန်တော်တို့ သတင်းရရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ လတ်တလောမှာ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် ၁၇ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အများအပြားကို ညှိနှိုင်းလျက်ရှိပါတယ်။ ဒါပေမဲ့ အန္တရာယ်အရှိဆုံးကတော့ အမေရိကန်ပြည်ထောင်စုနဲ့ချုပ်ဆိုမယ့် သဘောတူညီချက်ပဲဖြစ်ပါတယ်။ (တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ဖြစ်ပွားခဲ့တဲ့)ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စုမှာ ဂျုံ၊ ပြောင်း၊ ဝက်သား၊ ကြက် သား၊ ပဲပုပ်နဲ့နို့ထွက်ပစ္စည်းများစုပုံနေပြီး အဲဒါတွေကို လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကနေတစ်ဆင့် အိန္ဒိယနိုင်ငံထဲကို စုပုံတင်ပို့ ချင်နေတဲ့သဘောပါ။” ဟု ယခုလ ၂၅ ရက်က RKM မှ ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။
အိန္ဒိယ-အမေရိကန်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို ပူးပေါင်းတိုက်ဖျက်ရန်အတွက် တောင်သူလယ်သမားသမဂ္ဂများပေါင်းစည်းထားသည့် ‘Samyukta Kisan Morcha’ နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးဆိုင်ရာထောက်ပံ့ကြေး အများဆုံးပေးသည့်နိုင်ငံများထဲမှ တစ်ခုဖြစ် ကြောင်း၊ ၂၀၁၄ ခုနှစ် အမေရိကန်စိုက်ပျိုးရေးဥပဒေကြမ်းတွင် အသုံးစရိတ် အမေရိကန်ဒေါ်လာ ၉၅၆ ဘီလီယံခွဲဝေသတ်မှတ်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် စိုက်ပျိုးရေးဥပဒေကြမ်းတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ခွဲဝေသတ်မှတ်ထားကြောင်း၊ အဆိုပါထောက်ပံ့ကြေးများသည် အမေရိကန်ပြည်ထောင်စုသို့ စိုက်ပျိုးရေးထုတ်ကုန်တင်သွင်းမှုများကို ကန့်သတ်ရုံသာမက အိန္ဒိယနိုင်ငံကဲ့သို့သောပို့ကုန်ဈေးကွက်များသို့ အမေရိကန်ထုတ်ကုန်များဝင်ရောက်နိုင်ရန်အထောက်အပံ့ပေးသည့်အနေဖြင့်လည်း ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါကြေညာချက်တွင် သတိပေးဖော်ပြထားသည်။
၎င်းက အမေရိကန်နို့ထွက်ပစ္စည်းထုတ်လုပ်သူများသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိ ထောက်ပံ့ကြေးများမှ အကျိုး အမြတ်ရရှိနေကြောင်း ထပ်မံထောက်ပြခဲ့သည်။ လက်ရှိတွင် အမေရိကန်ပြည်ထောင်စုမှ နို့ထွက်ပစ္စည်းတင်သွင်းမှုမှာ အလွန်နည်းပါးသော်လည်း အကယ်၍ အိန္ဒိယနိုင်ငံက အကောက်ခွန်လျှော့ချပါက ပြည်တွင်း၌ နို့ထွက်ပစ္စည်းထုတ်လုပ်လျက်ရှိသော တောင်သူလယ်သမားများအနေဖြင့် ရှင်သန်ရပ်တည်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာထိလွယ်ရှလွယ်ကိစ္စရပ်တွေလည်း ရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ အမေရိကန်ဒိန်ခဲမှာ နွားငယ်အူလမ်းကြောင်းကနေရရှိတဲ့ ရနက်(rennet)တွေပါဝင်နေတတ်လို့ပါပဲ။ အိန္ဒိယနိုင်ငံမှာ အဲဒီလိုပါဝင်မှုတွေကို စစ်ဆေးအတည် ပြုဖို့ ခိုင်မာတဲ့ယန္တရားတွေမရှိသေးသလို အမေရိကန်ပြည်ထောင်စုကလည်း မဖြစ်မနေကုန်အညွှန်းအမှတ်အသားဖော်ပြဖို့ကို ခုခံငြင်းဆန်နေတဲ့ အနေအထားမှာရှိပါတယ်” ဟု အဆိုပါကြေညာချက်တွင် ထောက်ပြထားကြောင်း သိရသည်။
Source: The Hindu Indian farmers’ forum asks Govt to stop India-US FTA negotiations, June 25, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)