အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် မျှတမှုမရှိသောကုန်သွယ်ရေးမူဝါဒ (Unfair trade policy) အပေါ် အရေးယူဆောင်ရွက်ရန် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေပြနေသည့် နိုင်ငံများအား အပြန် အလှန်သွင်းကုန်ခွန် (Reciprocal Tariffs) သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း ၂-၄-၂၀၂၅ ရက်နေ့တွင် သမ္မတအမိန့် (Executive Order) ထုတ်ပြန်ခဲ့သည်။
အဆိုပါအပြန်အလှန် သွင်းကုန်ခွန် ကောက်ခံရန် ထုတ်ပြန်ရာတွင် အမေရိကန်သမ္မတက ၂-၄-၂၀၂၅ ရက်နေ့သည် အမေရိကန်နိုင်ငံသားများ အားလုံးအတွက် လွတ်မြောက်မှုနေ့ (Liberation Day) ဖြစ် သကဲ့သို့ အမေရိကန်နိုင်ငံသည် “စီးပွားရေးအရ အမှီအခိုကင်းသည့်ကြေညာချက် (Our declaration of economic dependence) ကို ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတသည် အပြန်အလှန်သွင်းကုန်ခွန်ကောက်ခံမည့် နိုင်ငံ/ဒေသ (၁၈၅) ခုကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အခွန် (၈၈) ရာခိုင်နှုန်းအထိ ကောက်ခံလျက် ရှိသဖြင့် မြန်မာနိုင်ငံမှသွင်းကုန်များအပေါ် သွင်းကုန်ခွန် (၄၄%) ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း၊ ယင်းသို့သွင်းကုန်ခွန်ကောက်ခံရာတွင် အာဆီယံနိုင်ငံများအား အောက်ပါအတိုင်း ကောက်ခံမည် ဖြစ်ကြောင်းနှင့် ယင်းသို့စည်းကြပ်ကောက်ခံမည့် သွင်းကုန်ခွန်သည် ၉-၄-၂၀၂၅ ရက်နေ့တွင် အသက်ဝင် မည်ဖြစ်ကြောင်း သိရှိရသည်-
စဉ် နိုင်ငံအမည် သွင်းကုန်ခွန်သတ်မှတ်ကောက်ခံမည့်
ပမာဏ (ရာခိုင်နှုန်း)
၁။ ဘရူနိုင်းဒါရုဆလမ် ၂၄ %
၂။ ကမ္ဘောဒီးယား ၄၉ %
၃။ လာအို ၄၈ %
၄။ အင်ဒိုနီးရှား ၃၂ %
၅။ မလေးရှား ၂၄ %
၆။ မြန်မာ ၄၄ %
၇။ ဖိလစ်ပိုင် ၁၇ %
၈။ စင်ကာပူ ၁၀ %
၉။ ထိုင်း ၃၆ %
၁၀။ ဗီယက်နမ် ၄၆ %
သမ္မတအမိန့်အရ အမေရိကန်နိုင်ငံက သွင်းကုန်ခွန်ကောက်ခံမည့် နိုင်ငံ/ဒေသ အသေးစိတ်စာရင်းသည် နောက်ဆက်တွဲပါအတိုင်း ဖြစ်သည်။
ကနေဒါ၊ တရုတ် နှင့် ဥရောပသမဂ္ဂက တုံ့ပြန်ချက်များ
အမေရိကန်နိုင်ငံက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် သွင်းကုန်ခွန် (၂၀) ရာခိုင်နှုန်း ကောက်ခံမှုအပေါ် ယင်းနိုင်ငံများမှ တုံ့ပြန်ချက်များနှင့် အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် သံမဏိနှင့်အလူမီနီယံသွင်းကုန်အားလုံးအပေါ် (၂၅) ရာခိုင်နှုန်းကောက်ခံခဲ့ခြင်းအပေါ် ဥရောပသမဂ္ဂက တုံ့ပြန်မှုများကို ကိုးကားနိုင်ပါရန် အောက်ပါအတိုင်း သိရှိရသည်-
(က) ကနေဒါနိုင်ငံက အမေရိကန်နိုင်ငံ၏ကုန်ပစ္စည်းပေါင်း (၁၀၀)ကျော် (ကနေဒါဒေါ်လာ ဘီလီယံ (၃၀) သို့မဟုတ် အမေရိကန်ဒေါ်လာဘီလီယံ (၂၀) ခန့်) ကို သွင်းကုန်ခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း ကနဦးတုံ့ပြန်ခဲ့သည်။
(ခ) တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ အဓိကစိုက်ပျိုးရေး သွင်းကုန်များဖြစ်သော ကြက်သား၊ ဂျုံ၊ ပြောင်းနှင့် ဝါသွင်းကုန်များအပေါ် (၁၅) ရာခိုင်နှုန်း၊ ဝက်သား၊ အမဲသား၊ ရေထွက်ပစ္စည်း၊ နှံစားပြောင်း၊ ပဲပုပ်၊ နှံစားပြောင်း၊ သစ်သီးနှင့် ဟင်သီးဟင်းရွက်၊ နို့ထွက်ပစ္စည်း အမျိုးမျိုး သွင်းကုန်များအပေါ် (၁၀) ရာခိုင်နှုန်း ထပ်တိုးသတ်မှတ်ကောက်ခံရန်နှင့် အမေရိကန်နိုင်ငံမှ အရေးပါသည့်ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်မှုအပေါ် ထိန်းချုပ်မှု တိုးချဲ့သတ်မှတ်ရန် ထုတ်ပြန်လျက် တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံမှ သွင်းကုန်များအား အမေရိကန်နိုင်ငံက သွင်း ကုန်ခွန်တိုးမြှင့်ကောက်ခံမှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization, WTO) ၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု စွပ်စွဲလျက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၌ တိုင်ကြားခဲ့သည်။
(ဂ) ဥရောပသမဂ္ဂက အမေရိကန်နိုင်ငံထုတ် ဝီစကီအပါအဝင် သွင်းကုန်အချို့ကို (၅၀) ရာခိုင်နှုန်း ကောက်ခံမည့်အစီအစဉ်ဖြင့် တုံ့ပြန်ခဲ့ရာ ယင်းတုံ့ပြန်ချက်အပေါ် အမေရိကန်သမ္မတက ပြင်သစ်ရှန်ပိန်အရက်နှင့် ဥရောပသမဂ္ဂမှ အရက်ပါဝင်သည့် အဖျော်ယမကာထုတ်ကုန်များအပေါ် (၂၀၀) ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
Source: စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။