Japan

ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က လျှော့ချပြင်ဆင်သတ်မှတ်ခဲ့

Last Updated:

မော်တော်ယာဉ်စစ်ဆေးမှုဆိုင်ရာ အချက်အလက်များ လိမ်လည်ဖော်ပြခဲ့မှုကြောင့် မော် တော်ယာဉ်ဈေးကွက်အတွင်း ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ယာယီပြတ်တောက်ခဲ့သည့် အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို လျှော့ချပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ၂၂-၁၀-၂၀၂၄ ရက်နေ့ ထုတ် The NHK World Japan သတင်းစာတွင် “IMF downgrades Japan growth forecast due to auto industry test data scandals” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် ဂျပန်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၀.၇ ရာခိုင်နှုန်းရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန် ခဲ့ရာမှ ၀.၃ ရာခိုင်နှုန်းသာ တိုးတက်နိုင်မည် ဖြစ်ကြောင်း ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့သည့် အစီရင် ခံစာတွင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၂၀၂၄ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ထုတ်ပြန်ထားကြောင်းနှင့် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာပါ ခန့်မှန်းချက်အတိုင်း ပြောင်းလဲမှု မရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်တွင် ၂.၈ ရာခိုင်နှုန်း ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်းနှင့်ဇူလိုင်လ ထုတ် ပြန်ချက်တွင် ၂.၆ ရာခိုင်နှုန်းရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ရာမှ တိုးမြှင့်ခန့်မှန်းခဲ့ခြင်း ဖြစ်ကြောင်း၊ လစာနှုန်းထားများ တိုးမြှင့်ခဲ့ပြီး  ဝယ်ယူသုံးစွဲနိုင်စွမ်း အားကောင်းလာခြင်းနှင့် စတော့ရှယ်ယာ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို တိုးမြှင့်ခန့်မှန်းခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်တွင် ၄.၈ ရာခိုင်နှုန်း ရှိနိုင် ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်းနှင့် ဇူလိုင်လ ထုတ်ပြန် ချက်တွင် ၅ ရာခိုင်နှုန်းရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့ရာမှ လျှော့ချခန့်မှန်းခဲ့ခြင်း ဖြစ်ကြောင်း၊ထိုသို့ လျှော့ချခန့်မှန်းခဲ့ရခြင်းမှာ အိမ်ရာအဆောက်အအုံတည်ဆောက်မှုကဏ္ဍတွင် ဖွံ့ဖြိုးမှု အားနည်း လာခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများအပြား၌ ရွေးကောက်ပွဲများပြုလုပ်ရန်ရှိပြီး၊ အသစ်ရွေးချယ် ခံရမည့် အစိုးရများအနေဖြင့် ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးမူဝါဒများ သိသိသာသာ ပြောင်းလဲ ကျင့်သုံးလာနိုင်မှုကြောင့် မရေရာမသေချာမှုများလည်း မြင့်တက်လျက် ရှိကြောင်း၊ ထို့ပြင် ကမ္ဘာ့ နိုင်ငံများအကြား ပထဝီနိုင်ငံရေးအရ တင်းမာမှုများ ပြင်းထန်လာနိုင်မှုကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ်လည်း သက်ရောက်မှုများ ရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The NHK World Japan (၂၂-၁၀-၂၀၂၄)

 

Category: Japan