India (Delhi)

အိန္ဒိယ၏ အထည်အလိပ်တင်ပို့မှုသည် ၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလမှအောက်တိုဘာလ) အတွင်း ၇% တိုးတက်ခဲ့

Last Updated:

လက်မှုပစ္စည်းများအပါအဝင် အိန္ဒိယ၏အထည်အလိပ်နှင့်အဝတ်အထည်များတင်ပို့မှုသည် ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၂၁.၃၅ ဘီလီယံအထိ တိုးလာကြောင်း ကြာသပတေးနေ့တွင် အစိုးရကပြောကြားခဲ့သည်။ အထည်အလိပ်ကဏ္ဍမှ ပြင်ပနိုင်ငံများသို့တင်ပို့မှုမှာ ယခင် ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ် ကာလ တူတွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိခဲ့ကြောင်း သိရှိရသည်။

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ကာလအတွင်း Ready Made အထည်ချုပ် (RMG) အမျိုးအစား တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၈၇၃၃ သန်းရှိပြီး စုစုပေါင်းတင်ပို့မှုအမေရိကန်ဒေါ်လာ ၂၁,၃၅၈ သန်း၏ ၄၁ ရာခိုင်နှုန်း ရှိကြောင်း၊ ဒုတိယအများဆုံး တင်ပို့သည့်  အထည်အလိပ်မှာ ၃၃ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၇,၀၈၂ သန်းနှင့်  လူလုပ် အထည်အလိပ် (Man-Made Textiles) မှာ ၁၅ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၃,၁၀၅ သန်း တင် ပို့ထားရှိကြောင်း အထည်အလိပ်ဝန်ကြီးဌာနက ပြောကြားသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ အောက်တိုဘာလအတွင်းတွင် အဓိကကုန်စည်များ တင်ပို့မှုတိုးတက်ခဲ့သော်လည်း  သိုးမွှေးနှင့် လက်ယက်ချည်ထည် (Handloom) များမှာ ၁၉ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြောင်း ယင်းဝန်ကြီးဌာနက ပြောကြားထားသည်။

တစ်ချိန်တည်းတွင် လက်မှုပစ္စည်း အပါအဝင် အထည်အလိပ်နှင့် အဝတ်အထည် အလုံးစုံ တင်သွင်းမှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအတွင်းတွင် ယခင်နှစ် ကာလ တူနှင့်နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာ ၂၅ ရက်အထိ တင်သွင်းမှုတွင် လူလုပ်အထည်အလိပ်မှာ အမေရိကန်ဒေါ်လာ ၁,၈၅၉ သန်း တန်ဖိုးရှိပြီး စုစုပေါင်း တင်သွင်းမှု USD 5,425 သန်း၏ ၃၄ ရာခိုင်နှုန်းရှိကြောင်းနှင့် ယင်းကဏ္ဍတွင် ဝယ်လိုအားနှင့် ရောင်းလိုအားမှာ ကွာဟမှု ရှိကြောင်း ဝန်ကြီးဌာနက ပြောကြားထားသည်။

အိန္ဒိယသည် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ဆဋ္ဌမမြောက် အထည်အလိပ်နှင့် အဝတ်အထည် အများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ကြောင်း၊  အိန္ဒိယ၏ စုစုပေါင်းတင်ပို့မှုတွင် လက်မှုပစ္စည်း အပါအဝင် အထည်အလိပ်နှင့် အဝတ်အထည် တင်ပို့မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၈.၂၁  ရာခိုင်နှုန်း ရှိကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာအထည်အလိပ်နှင့် အ၀တ်အထည်ရောင်းဝယ်ရေး၏ ၃.၉ ရာခိုင်နှုန်းဝေစုရှိကြောင်း၊ အိန္ဒိယအတွက် အဓိကအထည်အလိပ်နှင့် အဝတ်အထည် တင်ပို့ သည့်နိုင်ငံများမှာ အမေရိကန်နှင့် EU ဖြစ်ကာ စုစုပေါင်း အထည်အလိပ်နှင့် အဝတ်အထည် တင်ပို့မှုတွင် ၄၇ ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း သိရှိရသည်။

ပို့ကုန်သည် ဝယ်လိုအားနှင့် ရောင်းလိုအား၏ လုပ်ငန်းဆောင်တာတစ်ရပ်ဖြစ်ပြီး ကမ္ဘာ လုံးဆိုင်ရာဝယ်လိုအား၊ ပြည်တွင်းသုံးစွဲမှုဝယ်လိုအား၊ အမှာစာစီးဆင်းမှု၊ ထောက်ပံ့ပို့ဆောင်ရေး စသည်တို့ကဲ့သို့သော အချက်များပေါ်တွင်မူတည်ကြောင်းနှင့် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပို့ကုန် တင်ပို့မှုမှာ အစောပိုင်းကာလများတွင် ပင်လယ်နီတစ်ဝိုက်ရှိ ပထဝီနိုင်ငံရေး အကျပ်အတည်း များကြောင့် တင်ပို့မှုနည်းပါးခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source: India’s textile exports grew 7pc to USD 21.35 bn during Apr-Oct period of FY25, The Economic Times, 2 January 2025.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

 

 

Category: India (Delhi)