Phillippines

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ တင်သွင်းသည့်ဆန်အပေါ်တွင် လက်လီဈေး (Suggested retail price)အတွက် အမြင့်ဆုံးရောင်းချရမည့်ဈေး သတ်မှတ်သွားရန်ရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံရှိ ဆန်တင်သွင်းသူများနှင့်ဆန်ကုန်သည်များ၏ ဆန်ဈေးနှုန်းအပေါ် အမြတ် များပြားစွာယူနေခြင်းကို ကာကွယ်ရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများကျဆင်းစေရန်အတွက် ပြည်ပမှ တင်သွင်းလာသည့်ဆန်များကို ဈေးကွက်တွင်းရောင်းချရာတွင် အမြင့်ဆုံးလက်လီဈေးသတ်မှတ်ချက် (Maximum Suggested Retail Pirce – MSRP) ကို ဇန်နဝါရီလကုန်တွင် သတ်မှတ်သွားနိုင်ရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနှင့် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင် ရွက်လျက်ရှိပါသည်။

ဈေးကွက်တွင်းအချို့သောတင်သွင်းလာသည့်ဆန်အချို့သည် အစိုးရမှသွင်းကုန်အပေါ်ကောက် ခံသည့် အခွန်နှုန်းထားများ လျှော့ချပေးခဲ့သော်လည်း ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲ ရှိသည် ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ပြည်ပမှ တင်သွင်းသည့် ပရီမီယမ်ဆန်နှင့် အထူးရှယ်ဆန် ဟု သတ်မှတ်ထားသည့် ဆန်အမျိုးအစားများ၏ ၃-၁-၂၀၂၅ ရက်နေ့ဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၆၀ (အမေရိကန်ဒေါ်လာ ၁.၃၀) ခန့်ထိ ဆက်လက်မြင့်တက်လျက်ရှိပါသည်။ ဈေးကွက်တွင်း အဆိုပါဆန် များအားတစ်ကီလိုလျှင်ပီဆို-၆၀ဖြင့်ရောင်းချနေခြင်းမှာ မဖြစ်သင့်သည့်အခြေအနေတစ်ခုဖြစ်ကြောင်း လွန်ခဲ့သောသတင်းပတ်က ပြုလုပ်ခဲ့သည့် ဆန်လက်လီရောင်းချသူများနှင့် ဆန်ကုန်သည်များတွေ့ဆုံ သည့် အစည်းအဝေးတွင် စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင်ဈေးကွက်တွင်းတွင် ဆန်အမျိုးအစားများကို ပရီမီယမ်ဆန်နှင့် အထူးရှယ်ဆန်ဟု တံဆိပ် များတပ်၍ ဈေးနှုန်းမြှင့်တင်ရောင်းချနေသော်လည်း ဆန်အမျိုးအစားနှင့် အရည်အသွေးမှာ တူတူပင် ဖြစ်သောကြောင့် ထိုကဲ့သို့ပရီမီယမ်ဆန်နှင့် အထူးရှယ်ဆန်ဟူ၍ တံဆိပ်ကပ်ရောင်းချသည့် နည်းလမ်း ကိုလည်း တားမြစ်သွားမည် ဖြစ်ကြောင်း၊ တင်သွင်းလာသည့် ဆန်အမျိုးအစားများကို ရောင်းချရာတွင် တံဆိပ်ကပ်မည်ဆိုပါက မူရင်းနိုင်ငံအမည်၊ ဆန်အမျိုးအစား၊ ဆန်ကွဲပါဝင်မှုနှုန်းထား (Broken Rice Content) တို့ကိုသာ ဖော်ပြရန်ဖြစ်ပါသည်။

          စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အမျိုးသားရဲတပ်ဖွဲ့ဌာနတို့နှင့်ပူးပေါင်း၍ ဆန်ဈေးနှုန်းများကို အမြတ် များစွာယူပြီး ရောင်းချနေသည့် ဆန်ကုန်သည်များလိုက်နာရမည့် လမ်းညွှန်ချက်များကို ထုတ်ပြန်သွား ရန် အပြီးသတ်ဆွေးနွေးညှိနှိုင်းလျက်ရှိပါသည်။

သုံးသပ်တင်ပြချက်

 ယခုထုတ်ပြန်ချက်သည် ဈေးကွက်တွင်းလက်လီရောင်းချသူများကိုသာ ဦးတည်သကဲ့သို့ ဖြစ် နေသဖြင့် ဆန်လက်ကားရောင်းချသည့်ဒိုင်များ၊ ဆန်တင်သွင်းသူများ၊ ဆန်ကုန်သည်များကိုလည်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ဆက်လက်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ Anti-Agricultural Economic Sabotage Act အရ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို သိုလှောင်ရောင်းချ ခြင်း၊ တရားမဝင်တင်သွင်းခြင်း၊ အမြတ်များစွာရရှိရန် ဆောင်ရွက်ခြင်း၊ ဈေးကွက်တွင်း ဈေးနှုန်း ကစားခြင်းပြလုပ်ကြောင်း စိစစ်တွေ့ရှိရပါက ပြုလုပ်သည့်တန်ဖိုး ၅ ဆ နှင့်ညီမျှသော ဒဏ်ကြေးပေး ဆောင်စေခြင်းနှင့် ထောင်ဒဏ်တို့ကို ချမှတ်နိုင်ပါကြောင်း၊ အစိုးရအနေဖြင့်လည်း ဈေးကွက်တွင်း ဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးကို မူဝါဒများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း လေ့လာတင်ပြအပ်ပါသည်။

( စီးပွားရေးသံမှူး၊ မနီလာမြို့)

         

Category: Phillippines