Vietnam

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုကဏ္ဍမှ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံ စံချိန်တင်ရရှိ

Last Updated:

၂၀၂၄ ခုနှစ်အတွင်း ဒူးရင်းတင်ပို့ရောင်းချမှုသည် ကမ္ဘာ့ဈေးကွက်အတွင်း ဝင်ရောက်မှု တိုးမြင့်လာခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံနီးပါးရှိခဲ့ပြီး ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံတင်ပို့မှု စုစုပေါင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိကြောင်းဖော်ပြထား ပါသည်။

Vina T&T Group ၏ CEO ဖြစ်သူ Dinh Tung က ၎င်းတို့ကုမ္ပဏီအနေဖြင့် လစဉ် ဒူးရင်း တန်ချိန် ၃၂၀ ခန့်နှင့် အုန်းသီးတန်ချိန် ၃၅၀ နီးပါးတင်ပို့ခဲ့ကြောင်း၊ ထို့အပြင် နဂါးမောက်သီး ကွန်တိန်နာ ၇ ခုမှ ၉ ခု ၊ ကြက်မောက်သီး ကွန်တိန်နာ ၃ ခုမှ ၄ ခု (ကွန်တိန်နာတစ်ခုတွင် ၁၆ တန် နီးပါးရှိကြောင်း) ဖြင့် ကုမ္ပဏီ၏ ၂၀၂၅ ခုနှစ် အစောပိုင်းပို့ကုန်အမှာစာများနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံ၏ ဒူးရင်းဝယ်လိုအားတိုးမြင့်လာခြင်း၊ အုန်းသီး၊ လေချူသီး (သို့) ကြက်မောက်သီး၊ ကျွဲကောသီး၊ သရက်သီးကဲ့သို့သော တန်ဖိုးမြင့် သစ်သီးများ တင်ပို့မှုတိုးလာခြင်းကြောင့် ဝင်ငွေများတိုးတက်လာခဲ့သည်။        

Vina T&T သည် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၈ သန်း) စံချိန်တင်ရရှိခဲ့ပြီး ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းတိုးလာခဲ့ပါသည်။

အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ တင်ပို့မှုသည် ၂၀၁၈ ခုနှစ်တွင် ၃.၈၁ ဘီလီယံအထိမြင့်တက်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ၃.၂၆ ဘီလီယံနှင့် ၂၀၂၂ ခုနှစ်တွင် ၃.၃၆ ဘီလီယံအထိ ကျဆင်းသွားကြောင်း သိရှိရပါသည်။

သို့ရာတွင် အဆိုပါကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာပြီး အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံအထိ မြင့်တက်လာပြီး ၂၀၁၈ ခုနှစ်ကိန်းဂဏန်းထက် နှစ်ဆ နီးပါးရောက်ရှိခဲ့ကြောင်းဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)

 

Category: Vietnam