Vietnam

ဗီယက်နမ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတင်ပို့သည့်ဈေးကွက်အခြေအနေ

Last Updated:

ဗီယက်နမ်နိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအသင်းဥက္ကဋ္ဌ Nguyen Thanh Binh က ဗီယက်နမ်နိုင်ငံဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကဏ္ဍအနေဖြင့် ယခုအခါ ဈေးကွက်နိုင်ငံ ၆၀ ကျော် သို့ တင်ပို့လျက်ရှိကြောင်း၊ သရက်သီး၊ ငှက်ပျောသီးနှင့် ဒူးရင်းစသည့် အဓိကထွက်ကုန်များသည် ကမ္ဘာပေါ်တွင် လတ်ဆတ်သော ထွက်ကုန်အများဆုံးစားသုံးသူဖြစ်သည့် တရုတ်နိုင်ငံ၏ ဒုတိယ အကြီးဆုံး သစ်သီးတင်သွင်းသူဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ဈေးကွက်ဝေစုသည် ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ကြီးထွားလျက်ရှိ ကြောင်း၊ တရုတ်နိုင်ငံတွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုသည် တတိယနေရာမှ ဒုတိယနေရာ သို့ မြင့်တက်ခဲ့ပြီး အမေရိကတွင် ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ၈၀ ရာခိုင် နှုန်းကျော် မြင့်တက်ခဲ့ပြီး အဆိုပါအောင်မြင်မှုများသည် ဗီယက်နမ်နိုင်ငံ၏ တရားဝင် ပို့ကုန်သဘော တူညီချက်များ ရရှိရန်ကြိုးပမ်းမှုကြောင့်ဖြစ်ကြောင်း၊ အဆိုပါကဏ္ဍ၏ လုပ်ငန်းခေါင်းဆောင်များ ပြောကြားချက်အရ သိရှိရပါသည်။

၂၀၁၈ ခုနှစ်မတိုင်မီအချိန်က ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှာ တိုးမြင့်လျက်ရှိသော်လည်း ကုန်သွယ်မှုအများစုသည် တရားဝင်မဟုတ်သော နယ်စပ် ဖြတ်ကျော် လမ်းကြောင်းများကို မှီခိုနေရကြောင်း၊ အဓိကဈေးကွက်များ အထူးသဖြင့် တရုတ် နိုင်ငံတွင် အရည် အသွေးဆိုင်ရာစည်းမျဉ်းများနှင့် တင်းကြပ်သော သွင်းကုန်စံနှုန်းများ ချမှတ်သောအခါ ဗီယက်နမ် ပို့ကုန်များသည် သိသာထင်ရှားသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရကြောင်း သိရှိရပါ သည်။

အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ဗီယက်နမ်အာဏာပိုင်များအနေဖြင့် ဒူးရင်းသီး၊ ပင်မှည့်သီး၊ အုန်းသီး၊ ကျွဲကောသီး၊ ငှက်ပျောသီးအပါအဝင် အဓိက ထွက်ကုန်များအတွက် တရားဝင် တင်ပို့မှုဆိုင်ရာ သဘောတူညီချက်များရယူခြင်း၊ အဆိုပါ သဘောတူညီချက်များသည် ပို့ကုန်ပမာဏ မြင့်တင်ရုံမျှသာမက ပြည်တွင်းဈေးနှုန်းကိုတည်ငြိမ်စေကာ ဈေးကွက် ပျက်စီးမှုအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ တရုတ် နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် ရရှိပြီးနောက် ရောင်းအားမြင့်တက်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဒူးရင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံနီးပါးရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁ ဘီလီယံ ကျော် တိုးမြင့် လာခဲ့ပါ သည်။ ဒူးရင်းတင်ပို့မှုမှ ဝင်ငွေသည် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု ဝင်ငွေစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားပါသည်။        

ဒူးရင်းစိုက်ပျိုးသူများက တစ်ဟက်တာလျှင် ဗီယက်နမ်ဒေါင် ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃၉,၀၀၀) အထိ ဝင်ငွေရရှိကြောင်းနှင့် အကြီးစားခြံကြီးများသည် တစ်ကြိမ်ရိတ်သိမ်းရာတွင် ဗီယက်နမ်ဒေါင် ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၅ သန်း) အထိ ရရှိပြီး နေ့ချင်း ညချင်း သန်းကြွယ်သူဌေးများအဖြစ် ပြောင်းလဲသွားကြောင်း အစီရင်ခံစာတင်ပြခဲ့ကြပါသည်။

          ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံအနေဖြင့် မူလက ၂၀၂၅ ခုနှစ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံနှင့် ၂၀၃၀ ခုနှစ်တွင် ၆.၅ ဘီလီယံ ရရှိရန် မျှော်မှန်းထားရှိခဲ့သော် လည်း အဆိုပါကဏ္ဍ၌ လျှင်မြန်စွာတိုးတက်မှုများကြောင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိ ရောက်ရှိရန်နှင့် မဝေးတော့သည့် အနာဂတ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိရောက်ရှိရန် ရည်မှန်းထားကြောင်း ဖော်ပြ ထားပါသည်။

သို့ရာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ၎င်း၏ အရှိန်အဟုန်ကို ထိန်းထားနိုင်ရေးအတွက် ပိုမို ကောင်းမွန်သော ထုတ်လုပ်မှု၊ နိုင်ငံတကာအရည်အသွေးစံနှုန်းများနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ပြီး ကမ္ဘာ့ဈေးကွက်များရှိ တင်းကြပ်သော အရည်အသွေးထိန်းချုပ်မှု အစီအမံများကို လိုက်နာ ရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် သစ်သီးဝလံဟက်တာ ၁.၂ သန်း ခန့်စိုက်ပျိုးလျက်ရှိပြီး နှစ်စဉ်တန်ချိန် ၁၂ သန်းကျော်ထုတ်လုပ်ရန်ရှိကြောင်း၊ ဒူးရင်းသီး၊ ငှက်ပျောသီး၊ ပိန္နဲသီး၊ ကျွဲကောသီး၊ လိုင်ချိစ်သီး၊ သရက်သီးနှင့် နဂါးမောက်သီး စသည့် အဓိကထွက်ကုန်များသည် နိုင်ငံတကာ‌ ဈေးကွက်တွင် ရေပန်းစားလျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Net Global

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: Vietnam