Thailand

ထိုင်းနိုင်ငံရှိ လေဆိပ် ၆ ခုရှိ Check-in နေရာများတွင် နိုင်ငံခြားသားများအတွက် မျက်နှာအသိအမှတ် ပြု ID စနစ်ကို ထိုင်းနိုင်ငံ စတော့ခ်အိတ်ချိန်းစာရင်းဝင် နည်းပညာကုမ္ပဏီဖြစ်သော Sky ICT က ထုတ် ပြန် ကြေညာခဲ့

Last Updated:

ထိုင်းနိုင်ငံ လေဆိပ် ၆ ခုတွင် ခရီးသွားများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး အတွက် မျက်နှာအသိအမှတ်ပြုနည်းပညာကို အသုံးပြုထားသော အလိုအလျောက် ဘိုင်အိုမက်ထရစ် သက်သေခံသည့် စနစ်ကို ထိုင်းနိုင်ငံ စတော့ခ်အိတ်ချိန်းစာရင်းဝင် နည်းပညာကုမ္ပဏီဖြစ်သော Sky ICT က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စနစ်သည် ပြည်တွင်းခရီးသွားများအတွက် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်အသုံးပြုနိုင် ပြီး နိုင်ငံခြားသား ခရီးသွားများအတွက် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် ထိုင်းနိုင်ငံ၏ လေဆိပ်များကို ကမ္ဘာ့ အဆင့်မီနှင့် ထိတွေ့မှုမဲ့ အသိုက် အဝန်းဖြစ်စေရန်ဖြစ်ကြောင်း၊ အဆိုပါ စနစ်ကို သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ မဲ့ဖလုန်၊ ချင်းရိုင်၊ ဖူးခက်နှင့် ဟတ်ယိုင် စသည့်‌ လေဆိပ် ၆ ခုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ စင်ကာပူချန်ဂီလေဆိပ်၊ အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းလေဆိပ်၊ အမေရိကန် ဟတ်ဖီးဂျက်ဆန်အက်လန်တာ လေဆိပ်၊ ဩစတြေးလျ ဆစ်ဒနီလေဆိပ်နှင့် ဂျပန် ဟာနဲဒါ လေဆိပ်အပါအဝင် နိုင်ငံအများစု၏ ထိပ် တန်းလေဆိပ်များတွင် ခရီးသည်များ၏ လုံခြုံစိတ်ချမှုနှင့် လွယ်ကူချောမွေ့မှု မြှင့်တင်ရန်အတွက် ဘိုင်အိုမက်ထရစ်စနစ်ကို အသုံးပြုလျက်ရှိပါကြောင်း Sky ICT အကြီးတန်းအရာရှိ Mr. Sithidej Mayalarp က ပြောကြားခဲ့ပါသည်။

ဘိုင်အိုမက်ထရစ်စနစ်သည် ခရီးသွားများနှင့် လေဆိပ်ဝန်ထမ်းများအတွက် လုပ်ငန်းစဉ်များစွာ ကို လျှော့ချပေးရုံမက ခရီးသည်များအနေဖြင့် ၎င်းတို့၏ အချက်အလက်များ အတည်ပြုနိုင်ရေးအတွက် နိုင်ငံကူးလက်မှတ်နှင့် Boarding pass ကို ရှည်ကြာစွာ ကိုင်ဆောင်ထားရန် မလိုအပ်တော့ပါကြောင်း၊ ခရီးသွားများသည် ဖြတ်သန်းမှုအတွက် ၎င်းတို့၏ မျက်နှာကို အသုံးပြုနိုင်ကြောင်း၊ လုပ်ငန်းစဉ်များ မြန်ဆန်သည့်အပြင် လေဆိပ်အတွင်း မျက်နှာပြင်ထိတွေ့မှုများကိုပါ လျှော့ချပေးပါကြောင်း၊ ထိုင်းနိုင်ငံ သည် ကမ္ဘာ့အနှံ့ရှိ ခရီးသွားများ၏ ဦးတည်ရာနေရာဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ပြည်တွင်း၊ ပြည်ပ ခရီးသွားသူ သန်း ၁၀၀ ရှိခဲ့ပြီး ယခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းတိုးတက်နိုင်သည်ဟု ခန့်မှန်းထားပါကြောင်း Mr. Sithidej က ဖြည့်စွက်ပြောကြားပါသည်။

ခရီးသွားများ၏ မျက်နှာကို One-ID တစ်ခုတည်းအဖြစ် အသုံးပြုသည့်  ဘိုင်အိုမက်ထရစ် စနစ် အရ ခရီးသွားများသည် ၎င်းတို့၏ ID ကဒ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ကို ပြသပြီး အများအသုံးပြု သည့် ဂိတ်ကိရိယာ (common use terminal equipment-CUTE) ကောင်တာရှိ လက်မှတ်စနစ်တွင် ၎င်းတို့၏ အထောက်အထားကို အတည်ပြုရန် မျက်နှာကို Scan ဖတ်ခြင်း သို့မဟုတ် ကိုယ်တိုင် စစ် ဆေးသည့်စနစ် (common use self-check-in system-CUSS) ကို အသုံးပြုနိုင်ကြောင်း၊ အချက် အလက်များကို အတည်ပြုပြီးပါက စနစ်သည် ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်နှင့် Boarding Pass ကို ပြသရန် မလိုအပ်ဘဲ Boarding ဂိတ်မှ ဖြတ်သန်းသွားသည်အထိ ၎င်းတို့၏ မျက်နှာများကို Scan ဖတ်မည်ဖြစ်ပြီး လေဆိပ်အတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand