ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လိုအပ်ချက်အား ပြည့်မှီရန် ပါကစ္စတန်နှင့် အိန္ဒိယ ၂ နိုင်ငံထံမှ စုစုပေါင်း ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ၁၈-၁၂-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံနှင့် ဆွေးနွေးနေမှု မှာ ပြီးစီးခါနီးအခြေအနေတွင် ရှိနေပြီး ဖိလစ်ပိုင်နိုင်ငံဆန်လိုအပ်ချက်၏ ၂၅% ဖြစ်သော ၁ သန်းအား နှစ်စဉ်တင်သွင်းခွင့်ရရှိရန်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟုမျှော်မှန်းထားပါသည်။
အလားတူ အိန္ဒိယနိုင်ငံနှင့်လည်း ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်ပါကြောင်းနှင့် ဆန်ရောင်းချသည့်နိုင်ငံများ ကြားတန်းတူရောင်းချခွင့်နှင့် ယှဉ်ပြိုင်ခွင့်ရရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထား ပါသည်။
သမ္မတမားကို့ဂျူနီယာ၏ ဆန်တင်သွင်းခြင်းဆိုင်ရာ မဟာဗျူဟာဖြစ်သော နေရာအမြောက် အများမှဝယ်ယူခြင်းသည် စားသုံးသူများအတွက် ဈေးနှုန်းသက်သာစွာရရှိနိုင်စေနိုင်မည် ဖြစ်ပါသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းဆန်ရောင်းချတင်ပို့နေသူဖြစ်နေပြီး ဆန် တန်ချိန် ၁.၅ သန်းမှ ၂ သန်းထိတင်သွင်းရန် ၅ နှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာအား လက်မှတ် ရေးထိုးထားပါကြောင်းနှင့် ယခုကဲ့သို့ ဈေးကွက်ချဲ့ထွင် ဝယ်ယူခြင်းကလည်း ဖိလစ်ပိုင်နိုင်ငံတွင်း ဆန် ဈေးနှုန်းနှင့် ပြည်တွင်းဆန်ရိက္ခာဖူလုံစေသည့်အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မည်ဟု ပြောကြားထား ပါသည်။
စိုက်ပျိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Rice-for-All Program အတွက်လည်း ပြည်တွင်းရှိဆန်တင်သွင်းသူများမှလည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်းနှင့် ဆန်တစ်ကီလိုလျှင် ပီဆို ၄၀၊ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် Kadiwa Store များကိုလည်း ရည်မှန်းထားသည့်အတိုင်း လာမည့် ဇန်နဝါရီလ မတိုင်မီဆိုင်ခွဲပေါင်း ၃၀၀ အထိ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ ထို့အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းရှိ ဆန်ကုန်သည်များနှင့် နိုင်ငံတကာမှ ဆန်ရောင်းချသူများကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
(စီးပွားရေးသံမှူး၊ မနီလာမြို့)