ပေဂျင်း၊ ရှန်ဟိုင်း၊ ဟိုင်နန်နှင့် ရှန်ကျန်းတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ကုမ္ပဏီ ၁၃ ခုကို တန်ဖိုးမြှင့်ဝန်ဆောင်မှုများဆောင်ရွက်ရန် ရှေ့ပြေးဆောင်ရွက်မည့် လုပ်ငန်း များ အဖြစ် ခွင့်ပြုပေးခဲ့ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍအတွက် စျေးကွက်ဝင်ရောက်မှုကို ချဲ့ထွင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးကြိုးပမ်းအားထုတ်မှု၏ တစိတ်တဒေသဖြစ်ကြောင်း၊ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး ကဏ္ဍအတွက် ကြီးမားသည့် မှတ်တိုင်တစ်ခုဖြစ် ကြောင်း၊ နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေရှိစေမည့် ပြုပြင်ပြောင်းလဲမှုများနှင့် အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှုတို့ကို နက်ရှိုင်းစွာ တိုးတက်စေရေး ကြိုးပမ်းမှုတစ်ရပ် ဖြစ်ကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန၏ ထုတ်ပြန်ချက် အရသိရှိ ရပါသည်။
Deutsche Telekom (China) Communication Technology Co နှင့် Siemens Digital Technology (Shenzhen) Co အပါအဝင် မှတ်ပုံတင်အသစ်တင်ထားသည့် ကုမ္ပဏီများမှာ အင်တာနက် အသုံးပြုခွင့်နှင့် သတင်းအချက်အလက်ဝန်ဆောင်မှုကဲ့သို့ ဝန်ဆောင်မှုများစွာကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ သုံးစွဲသူများထံသို့ ပိုမိုကွဲပြားပြီး အရည်အသွေးမြင့်မားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု များပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ စျေးကွက်ပိုမိုအားကောင်းလာ စေရေးနှင့် တိုးတက်လာသည့် ဒစ်ဂျစ်တယ်နည်းပညာနှင့်အတူ လူမှုဘဝအတွင်း နေထိုင် ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းသစ်ပေါင်း ၂၄၀၀ ၊ ယခင်နှစ်ကာလတူထက် ၃၀ ရာခိုင်နှုန်းတိုးတက် တည်ထောင်နိုင်ခဲ့သည်ဟု သိရှိရပါသည်။
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမှာ အဆင့်အတန်းမြင့်မားသည့် ပွင့်လင်းမြင်သာမှု ပုံစံမြှင့်တင်ရာ တွင် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ထုတ်လုပ်မှုစွမ်းအားသစ်များ မြှင့်တင်ရန် နှင့် နိုင်ငံခေတ်မီစေရေးမြှင့်တင်မှုများတွင် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်ကြောင်း၊ ပဏာမခြေလှမ်းအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက်က နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်း အဝေး၌ အတည်ပြုခဲ့သည့် ၂၀၂၅ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတည်ငြိမ်စေရေး လုပ်ငန်းစီမံ ချက်များတွင် ဖော်ပြထားသည့်အတိုင်း ပိုမိုများပြားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင် ရန်နှင့် စျေးကွက်အသက်ဝင်စေမည့် မဟာဗျူဟာနှင့် ကိုက်ညီစေရေး ဆောင်ရွက်ထား ကြောင်းလည်း သိရှိရပါသည်။
တရုတ်နိုင်ငံသည် တန်ဖိုးမြှင့်ဆက်သွယ်ရေး၊ ဇီဝနည်းပညာနှင့် နိုင်ငံခြားပိုင် ဆေးရုံ စသည့် နယ်ပယ်များနှင့်ဆက်စပ်သည့် မူဝါဒများကို ပွင့်လင်းမြင်သာစွာဖြင့် ထိရောက်စွာ အကောင်အထည်ဖော်ရန် ရှေ့ပြေးဒေသများသတ်မှတ်၍ ပံ့ပိုးကူညီမည်ဖြစ်ကြောင်း၊ အဆိုပါ ကဏ္ဍများတွင် ပါဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားမှု စီမံကိန်းများ၏ လုပ်ငန်းစဉ်တစ် လျှောက် လိုအပ်သည့်ဝန်ဆောင်မှုများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါရှေ့ပြေး အစီအစဉ်များတွင် ဆက်သွယ်ရေးနှင့်ဆေးဘက် ဆိုင်ရာဝန်ဆောင်မှုများကို ချမှတ်ထားသည့် စီမံကိန်းအစီအစဉ်အရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရှိရပါသည်။
ပြုပြင်ပြောင်းလဲမှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်နိုင်ရန် စျေးကွက်အခြေခံ၍ ဆောင် ရွက်ခြင်း၊ ဥပဒေအခြေပြုဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်ရေးတို့အတွက် ဆက်သွယ်ရေးကဏ္ဍကို ပိုမိုဖွင့်လှစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း ဖြင့် စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုတွင် အထောက်အကူဖြစ်စေရန် ဒစ်ဂျစ်တယ်စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများကို ဆက်လက်ပံ့ ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟုလည်း သိရှိရပါသည်။
Source: http://en.people.cn/n3/2025/0228/c90000-20282903.html
စီးပွားရေးသံမှူး
ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ