၂၀၂၅ ခုနှစ်တွင် ဘရာဇီးနှင့် ဗီယက်နမ်နိုင်ငံတို့၌ ကော်ဖီရိတ်သိမ်းနိုင်မှု ကျဆင်းခြင်း ကြောင့် ကော်ဖီစျေးနှုန်းများ လေးပုံတစ်ပုံမြင့်တက်လာနိုင်ကြောင်း စိစစ်မှုဆိုင်ရာ အဆင့် သတ်မှတ်ရေးအေဂျင်စီ(ACRA)မှ ကျွမ်းကျင်သူ Mr. Anton Trenin က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံတွင် ကော်ဖီထုတ်လုပ်နိုင်ခြင်းမရှိဘဲ သွင်းကုန်များအပေါ်တွင်သာ လုံးဝမှီခို နေရကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ မိုးခေါင်မှုနှင့် ဗီယက်နမ်နိုင်ငံ၌ တိုင်ဖွန်း မုန်တိုင်းကျရောက်မှုတို့ကြောင့် ကော်ဖီဈေးနှုန်းများသည် ၂၀-၂၅ ရာခိုင်နှုန်းအထိ တိုးလာ နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ကော်ဖီထုတ်လုပ်မှုအားလုံးကို အာရေးဗီကာ(Arabica) ၇၀ ရာခိုင်နှုန်း နှင့် ရိုဘတ်စတာ(Robusta) ၃၀ ရာခိုင်နှုန်းဟု ပိုင်းခြားနိုင်ကြောင်း၊ ကမ္ဘာ့အကြီးဆုံးကော်ဖီ ထုတ်လုပ်သူ ဘရာဇီးသည် အာရေးဗီကာ လိုအပ်ချက်၏ သုံးပုံတစ်ပုံခန့်ကို ဖြည့်ဆည်းပေး ထားကြောင်း၊ သို့သော် ယခုနှစ်တွင် ဘရာဇီး၌ မိုးခေါင်ရေရှားမှုကြောင့် ကော်ဖီဈေးကွက်ကို ထိခိုက်နေကြောင်း၊ ကမ္ဘာ့အကြီးဆုံး ရိုဘတ်စတာ ထုတ်လုပ်သည့် ဗီယက်နမ်တွင်လည်း တိုင်ဖွန်းမုန်တိုင်းကြောင့် ကော်ဖီရိတ်သိမ်းနိုင်မှု လျော့နည်းမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ရုရှားစားသုံးသူများသည် ကော်ဖီစျေးနှုန်းများ သိသိသာသာ မြင့်တက်မှုကို ဆက်လက် ရင်ဆိုင်ရဖွယ်ရှိကြောင်း Mr. Anton Trenin က သုံးသပ်ထားသည်။
ယခုတစ်ပတ်တွင် ကော်ဖီစေ့စျေးနှုန်းများသည် ရိုဘတ်စတာအတွက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅,၇၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီး အာရေးဗီကာအတွက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၃၀၀ ကျော်အထိ မြင့်တက်ခဲ့ကာ ၁၉၇၇ ခုနှစ်နောက်ပိုင်းတွင် စံချိန်တင် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၄၀ ကျော်မှ ကော်ဖီပမာဏတန်ချိန် ၁၀၁,၈၂၄ တင်သွင်းခဲ့ပြီး အဓိကတင်သွင်းခဲ့သောနိုင်ငံများမှာ ဘရာဇီး၊ အင်ဒိုနီးရှား၊ နယ်သာလန်၊ အီတလီနှင့် အက်စ်တိုးနီးယား စသည့်နိုင်ငံများဖြစ်ပါသည်။
ရုရှားနိုင်ငံသည် ရာသီဥတုအခြေအနေကြောင့် ကော်ဖီသီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခြင်း မရှိဘဲ ကော်ဖီအသားတင်တင်သွင်းသည့်နိုင်ငံဖြစ်သည့်အပြင် ကော်ဖီသုံးစွဲမှုပမာဏသည် လည်း နှစ်စဉ်တိုးတက်လျက်ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့နိုင် မည့် အလားအလာကောင်းများရှိနေကြောင်း သိရသည်။
Source : https://ria.ru/20241201/kofe-1986699785.html
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)