ရုရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ အလုပ်လက်မဲ့နှုန်းသည် စက်တင်ဘာ လနှင့် နှိုင်းယှဉ်ပါက ၂.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း ရုရှားဖက်ဒရယ်စာရင်းအင်း ဝန်ဆောင်မှုဌာန(Rosstat)၏ အချက်အလက်များအရ သိရှိရသည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO) ၏ နည်းစနစ်အညီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် အသက် ၁၅ နှစ်နှင့်အထက် လူဦးရေပေါင်း ၁.၈ သန်းကို အလုပ် လက်မဲ့အဖြစ် သတ်မှတ်ထားကြောင်း၊ အဆိုပါလူဦးရေအတွက် အလုပ်လက်မဲ့နှုန်းသည် ၂.၃ ရာခိုင်နှုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလုပ်လက်မဲ့လူဦးရေပေါင်း ၁.၈ သန်းတွင် ၁.၁ သန်းခန့်သည် မြို့ပြနေသူများဖြစ်ပြီး ၀.၇ သန်းခန့်သည် ကျေးလက်နေသူများဖြစ်သည်။ ယင်းတို့အနက် အသက် ၂၅ နှစ်အောက် လူငယ်များ၏ အလုပ်လက်မဲ့နှုန်းသည် ၁၉.၈ ရာခိုင်နှုန်းရှိပြီး အသက် ၅၀ နှစ်နှင့်အထက် အလုပ်လက်မဲ့နှုန်းသည် ၁၉.၉ ရာခိုင်နှုန်းရှိကာ လုပ်ငန်းအတွေ့အကြုံ မရှိသူများမှာ ၂၈.၁ ရာခိုင်နှုန်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဇွန်လမှစ၍ စက်တင်ဘာလအထိ ၄ လဆက်တိုက် အလုပ်လက်မဲ့နှုန်းမှာ ၂.၄ ရာခိုင်နှုန်းဖြစ်ပြီး ဧပြီလမှ မေလအထိ ၂.၆ ရာခိုင်နှုန်းဖြစ်ကာ နှစ်စပိုင်းတွင် ၂.၉ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။
ရုရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်သမားများ လိုအပ်နေပြီး လုပ်သားရှားပါးမှုသည် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအတားအဆီးတစ်ခု ဖြစ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က အစောပိုင်းတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ရုရှားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်းသည် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်ရုံလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင် လုပ်သားအင်အားမလုံလောက်မှုကို ကြုံတွေ့နေရသဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်သောအလုပ်သမားများ ဖြည့်ဆည်းပေးနိုင်ရေး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများနှင့် ဖော်ရွှေသောနိုင်ငံများမှ ရုရှားနိုင်ငံသို့ ခေါ်ယူခန့်အပ်နိုင်ရန် ရုရှား အလုပ်သမားအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Source : https://www.kommersant.ru/doc/7329310
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)