Events
မြန်မာနိုင်ငံမှ အရည်အသွေးမြင့်ကော်ဖီများ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Updated At: 2025-07-28 16:37:29

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်ကော်ဖီများကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမတွင် Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံရှိ စီးပွားရေးသံမှူး၊ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အရည်အသွေးမြင့်ကော်ဖီများ တင်ပို့နိုင်ရေးအတွက် ကော်ဖီစိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုအခြေအနေများ၊ ရုရှားနိုင်ငံ၏ ကော်ဖီဈေးကွက်အခြေအနေ၊ ဝယ်ယူလိုသည့် အမျိုးအစားစသည်ဖြင့် ရုရှားနိုင်ငံသို့ ကော်ဖီတင်ပို့နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် အသင်း အဖွဲ့များအကြား ဆွေးနွေးခဲ့ကြပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံရှိ စီးပွားရေးသံမှူးတို့အနေဖြင့် မြန်မာ့ကော်ဖီများ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေး လိုအပ်သည်များ ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
မဟာဗျုဟာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ