Events
Foodex Japan 2025 ကုန်စည်ပြပွဲ ကျင်းပပြုလုပ်မည်
Updated At: 2024-10-30 16:12:01
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Tokyo Big Sight ၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ Foodex Japan 2025 ကုန်စည်ပြပွဲအား ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်း ဖွင့်လှစ်ပြသနိုင်ရေးအတွက် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသ စေလိုပါကြောင်း အာဆီယံ-ဂျပန်စင်တာမှ ဖိတ်ကြားလာကြောင်း သိရှိရသည်။
အထက်ပါဖိတ်ကြားစာတွင် အောက်ပါတို့ကို ဖော်ပြထားပါသည်-
၁။ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အာဆီယံ-ဂျပန်စင်တာမှ နှစ်စဉ်ပံ့ပိုးပေးလျက်ရှိသော အာဆီယံ-ဂျပန်စင်တာ၏ ကုန်သွယ်ရေးရန်ပုံငွေဖြင့် မြန်မာနိုင်ငံ၏ ထုတ်ကုန်များအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်နှင့် မြန်မာ့ပို့ကုန်များ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရန် ရည်ရွယ်၍ အာဆီယံ-ဂျပန်စင်တာနှင့် ပူးပေါင်း၍ စီမံကိန်း များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂။ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂၅ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့် နည်း ပညာပြပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအား ပါဝင်ပြသနိုင်ရေး စီမံကိန်းအား ဖော် ဆောင်နိုင်ရန် မြန်မာသံရုံး၊ တိုကျိုမြို့မှ အာဆီယံ-ဂျပန်စင်တာနှင့်ပူးပေါင်း၍ ဂျပန်နိုင်ငံ တိုကျိုမြို့၊ Tokyo International Exhibition Center ရှိ Big Sight East Exhibition Hall တွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ၂၅ ကြိမ်မြောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ရေထွက်ကုန်နှင့်နည်းပညာပြပွဲတွင် မြန်မာနိုင်ငံမှ ရေထွက်ကုန်လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေး ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊
၃။ ၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း မြန်မာနိုင်ငံကိုယ်စားပြုပြခန်း (National Pavilion) ဖွင့်လှစ် ပြသနိုင်ရေး စီမံကိန်းအား ၂၀၂၄ ဘဏ္ဍာနှစ်၊ ကုန်သွယ်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရေး အာဆီယံ-ဂျပန်စင်တာနှင့်ညှိနှိုင်း၍ ပြခန်းငှားရမ်းဆောင်ရွက်ခဲ့ပါကြောင်း၊
၄။ Foodex Japan ကုန်စည်ပြပွဲသည် အာရှတွင် အကြီးဆုံးစားသောက်ကုန်နှင့် အဖျော် ယမကာပြပွဲဖြစ်ပြီး၊ နှစ်စဉ်နိုင်ငံပေါင်း ၇၀ နီးပါးမှ ပြခန်းပေါင်း ၄၀၀၀ နီးပါး ပါဝင်ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူ ၈၀၀၀၀ နီးပါးရှိသည့် ပြပွဲတစ်ခုဖြစ်ပါကြောင်း၊
၅။ ပြပွဲတွင် ပဲအမျိုးမျိုးအပါအဝင် လယ်ယာထွက်ကုန်များ (Agricultural Food)၊ အဖျော် ယမကာများ (Drinks, Alcohol and Wine)၊ အစားအသောက်နှင့် ကုန်ကြမ်းပစ္စည်းများ (Food and Ingredients)၊ အော်ဂဲနစ်ထုတ်ကုန်များနှင့် ကျန်းမာရေးအထောက်အကူပြု စားသောက်ကုန်များ (Organic and Wellness)၊ အေးခဲအသားနှင့် ဟင်းသီးဟင်းရွက်များ၊ ရေထွက်ကုန်များ၊ အချိုပွဲနှင့်မုန့်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စည်သွတ်ဘူးများ၊ ဆန်နှင့်ခေါက်ဆွဲများ၊ နို့ထွက်ပစ္စည်းများ၊ စားသောက်ကုန်ခြောက်များ (Dried Foods) ကို ပြသရောင်းချနိုင်မည်ဖြစ်ကြောင်း၊
၆။ ကုန်စည်ပြပွဲတွင် ဂျပန်နိုင်ငံနှင့် နိုင်ငံတကာမှ စားသောက်ကုန်နှင့်အဖျော်ယမကာ ထုတ် လုပ်သူများ၊ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများနှင့် နှစ်စဉ် လာရောက်ပြသလေ့ရှိပြီး ဂျပန်ဈေးကွက်ကို စိုးမိုးထားသည့် ထိပ်တန်းကုမ္ပဏီကြီးများမှလည်း နှစ်စဉ်ပါဝင်ပြသလေ့ ရှိသဖြင့် အဆိုပါကုမ္ပဏီများနှင့် တွေ့ဆုံချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင် မည်ဖြစ်ပါကြောင်း၊
၇။ ကုန်စည်ပြပွဲတွင် ဂျပန်နိုင်ငံမှ ဝယ်လက်များနှင့် တိုက်ရိုက်တွေ့ဆုံချိတ်ဆက်နိုင်မည့် Business Matching အစီအစဉ်များလည်း ထည့်သွင်းဆောင်ရွက်ပေးထားသည့်အတွက် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံမှဝယ်လက်များနှင့်လည်း တိုက်ရိုက် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊
၈။ Foodex Japan 2025 တွင် ပါဝင်ပြသမည့် ၁၈ စတုရန်းမီတာ x ၉ စတုရန်း မီတာအကျယ်ရှိ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း (National Pavilion) ၏ ပြခန်းငှားရမ်းမှု ကုန်ကျစရိတ်နှင့် ပြခန်းပြင်ဆင်စရိတ်များကို အာဆီယံ-ဂျပန်စင်တာမှ ကျခံပေးမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များ အနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်သည့် ခရီးသွားလာစရိတ်၊ ကုန်စည်များ သယ်ယူစရိတ် နှင့် အခြားသော စရိတ်စကများကို မိမိအစီအစဉ်ဖြင့် ကျခံရမည် ဖြစ်ပါကြောင်း၊
၉။ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ခြင်းဖြင့် မြန်မာ့ထွက်ကုန် များအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာသို့ ဈေးကွက်ပိုမိုထိုးဖောက်နိုင်ရေး၊ ဈေးကွက် ချိတ်ဆက်မှုများ ပိုမိုရရှိနိုင်ရေး၊ နိုင်ငံတကာသို့ မြန်မာ့ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ လုပ်ငန်းရှင်များအား နိုင်ငံတကာပြပွဲအတွေ့အကြုံများ ရရှိစေရေးနှင့် အခြားလုပ်ငန်းရှင် များ၏ နည်းပညာနှင့် ထုတ်ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများအား လေ့လာအတုယူ ၍ တန်ဖိုးမြှင့်ဈေးကွက်ဝင်ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရန်နှင့် ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး များစွာ အထောက် အပံ့ဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း၊
Foodex Japan 2025 ကုန်စည်ပြပွဲ၏ မြန်မာနိုင်ငံကိုယ်စားပြုပြခန်း (National Pavilion) တွင် မြန်မာလုပ်ငန်းရှင်များမှ မြန်မာ့လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ စားသောက်ကုန်များ၊ ကုန်ကြမ်းနှင့် အဖျော်ယမကာများ ပါဝင်ပြသလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025