International News

တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံရှိ အရှေ့တောင်အာရှ ဒူးရင်းသီးရောင်းအားကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

နွေရာသီ သယ်ယူပို့ဆောင်ရေးအမြင့်ဆုံးကာလပြီးဆုံးသွားသော်လည်း တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့တွင် ကုန်တင်ကားများဖြင့် စည်ကားလျက်ရှိသည်။ တရုတ်-လာအိုရထားလမ်းသည် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးအတွက် ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိလျက်ရှိသည်။ ကူမင်းမြို့ ကုန်တင်စင်များသည် ဒူးရင်းသီးများတင်ဆောင်ထားသည့် အအေးခန်း ကုန်သေတ္တာများကို အတင်/အချပြုလုပ်ခြင်းဖြင့် စည်ကားလျက်ရှိသည်။

ဟုန်ယွန်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဆိပ်ကမ်း(Hongyun International Logistics Port)သည် ဧရိယာအားဖြင့် ၁၆၁,၃၀၀ စတုရန်းမီတာကျယ်ဝန်းသည်။ ၂၀၂၃ ခုနှစ် နောက်ပိုင်းတွင် ၎င်းတို့အနေဖြင့် ရထားလမ်းကုန်စည်ပို့ဆောင်ရေးကို စုံလင်သည့်စက်မှုဇုန်တစ်ခုဖြင့် ပေါင်းစပ်နိုင်ခဲ့ကြောင်း ဟုန်ယွန်အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးကွန်ရက်(Hongyun International Supply Chain)၏ ဥက္ကဋ္ဌ၊ လီရုန်ပင်(Li Rongping)က ပြောကြားခဲ့သည်။ အဆိုပါပေါင်းစပ်မှုသည် ကုန်ပစ္စည်းများသိုလှောင်ခြင်း(warehousing)၊ ဖြန့်ဖြူးခြင်း (distribution)၊ ထုပ်ပိုးခြင်း(packaging)နှင့် ကွန်တိန်နာသိုလှောင်ခြင်း (container storage)၊ ပြင်ဆင်ခြင်း(repair)အပါအဝင်ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် one-stop service ဖြင့်ပံ့ပိုးပေးနိုင်ပြီဖြစ်ကြောင်း လီက ဖြည့်စွက် ပြောကြားခဲ့သည်။

အမြင့်ဆုံးဒူးရင်းသီးရာသီတွင် ပို့ဆောင်ရေးဆိပ်ကမ်း၏ ကွန်တိန်နာကိုင်တွယ်သည့်ပလက်ဖောင်း (container handling platform)တွင် ထိရောက်သောလွှဲပြောင်းမှုလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။ မိနစ် ၄၀ အတွင်း ဒူးရင်းသီး ၁၈ တန်ခန့်ကို မီးရထားကွန်တိန်နာများမှ ကုန်တင်ယာဉ်များပေါ်သို့ လွှဲပြောင်းပြီး အနီးဆုံးရှိ သစ်သီးဈေးကွက်များသို့ ပို့ဆောင်ပေးလျက်ရှိသည်။

တရုတ်-လာအိုရထားလမ်း၏လင်ချန်း-မဲခေါင်အမြန်တွဲ(Lancang-Mekong Express)မှတစ်ဆင့် ကုန်ပစ္စည်းများကို လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့မှ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ၂၆ နာရီအတွင်း ပို့ဆောင်ပေးနိုင်လာကြောင်း ကူမင်းအပြည်ပြည်ဆိုင်ရာ ကုန်းတွင်းပို့ဆောင်ရေးဆိပ်ကမ်း(Kunming International Land Port)၏ စျေးကွက်ရှာဖွေရေးဌာန၊ ဌာနမှူး အို့ဒေါချင်း(Ou Daoqing)က ဆိုသည်။

အဆိုပါရထားလမ်း၏အာရှတောင်အာရှဒူးရင်းသီးကို တည်ငြိမ်မြန်ဆန်စွာထောက်ပံ့ပေးနိုင်မှုကြောင့် တရုတ်စားသုံးသူများအတွက် လတ်ဆတ်ပြီးအရသာရှိသော သစ်သီးကို ဖန်တီးပေးလျက်ရှိသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့ပြီးနောက် တရုတ်-လာအိုရထားလမ်းသည် တရုတ်နှင့် အာဆီယံနိုင်ငံများကြား အဆင်ပြေသော ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးလျက်ရှိပြီး ပို့ဆောင်ရေးဝန်ဆောင်မှုများကို မြှင့်တင်ပေးလျက်ရှိသည်။

၂၀၂၂ ခုနှစ် အစောပိုင်းကာလတွင် တရုတ်မီးရထားကူမင်းအုပ်စုလီမိတက်(China Railway Kunming Group Co., Ltd) က အခြားနိုင်ငံတကာကုန်တွဲရထားများနှင့်အပြိုင် သတ်မှတ်ရောက်ရှိချိန်၊ ပိုမိုမြန်ဆန်သော အကောက်ခွန်ရှင်းလင်းမှု(faster customs clearance)နှင့် လုပ်ငန်းလည်ပတ်ချိန် မြန်ဆန်မှု(operation speeds) တို့ကိုဝန်ဆောင်မှုပေးနိုင်သည့် 'လင်ချန်း-မဲခေါင်အမြန်တွဲ'(Lancang-Mekong Express) ကို စတင်မိတ်ဆက်ခဲ့သည်။

ယင်းမီးရထားလမ်းမတည်ဆောက်မီအချိန်က အာရှတောင်အာရှမှ ဒူးရင်းသီးများ သည် ကုန်းလမ်း သို့မဟုတ် ရေလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး ကြာမြင့်သောပို့ဆောင်ချိန်(long transit time)၊ ရာသီဥတုနှင့်ဆိုင်သော နှောင့်နှေးကြန့်ကြာမှုများ(weather-related delays)နှင့် အသီးပျက်စီးခြင်းကဲ့သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ တရုတ်-လာအိုရထားလမ်းသည် တင်သွင်းလာသောဒူးရင်းသီးများ၏ပျက်စီးမှုနှုန်းနှင့် ပို့ဆောင်ရေးကုန်ကျစရိတ်နှစ်ခုလုံးကို သိသိသာသာလျှော့ချပေးခဲ့ကြောင်း စီချွမ်ပြည်နယ်အခြေစိုက် ပို့ကုန်/သွင်းကုန်ကုမ္ပဏီတစ်ခု၏ အထွေထွေမန်နေဂျာ ဝမ်ဟောင်(Wang Hao)က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်တွင် ဒူးရင်းသီးကုန်သွယ်မှုပမာဏ ၂၀ ရာခိုင်နှုန်းတိုးလာမည်ဟု မျှော်လင့်ရကြောင်းနှင့် တရုတ်မီးရထားကူးမင်းအုပ်စုလီမိတက်အဆိုအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဒူးရင်းသီးတန်ချိန် ၁၅၀,၀၀၀ ကျော်ကို တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် တင်သွင်းခဲ့ပြီး ယင်းသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉၁ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရှိရသည်။

ထိရောက်သော ရထားပို့ဆောင်ရေးအပြင် အဆင့်မြင့်ကုန်စည်ပို့ဆောင်ရေးအခြေခံအဆောက်အအုံများကလည်း ဒူးရင်းသီးပို့ဆောင်ရေးကွန်ရက်ကို ပိုမိုအသက်ဝင်စေခဲ့သည်။ လက်ရှိတွင် လာအိုမှ ဒူးရင်းသီးများတင်သွင်းရန် မီးရထားလမ်းနှင့် ကုန်းလမ်းပေါင်းစပ်ပို့ဆောင်ရေးလမ်းကြောင်း ၅ ခုရှိပြီး တရုတ်နိုင်ငံတစ်ဝန်း မြန်မြန်ဆန်ဆန်ဖြန့်ဖြူးလာနိုင်မည်ဖြစ်သည်။

မကြာသေးမီက ဒူးရင်းသီး တန်ချိန် ၃၀၀ နီးပါးတင်ဆောင်သည့် အအေးခန်းကုန်သေတ္တာတင်အထူးရထားတစ်စင်းသည် ဗီယင်ကျင်းမြို့မှ တရုတ်နိုင်ငံ၊ ချန်ဒူမြို့သို့ ရောက်ရှိခဲ့သည်။ ကုန်စည်များလွှဲပြောင်းခဲ့ပြီးနောက် ဒူးရင်းသီးများကို ပေကျင်းမြို့ (Beijing)၊ ရှီအန်မြို့(Xi'an)၊ လာရှမြို့(Lhasa)နှင့် ကွမ်ကျိုးမြို့(Guangzhou)ရှိ သစ်သီးဈေးကွက်များသို့ လျင်မြန်စွာပို့ဆောင်ပေးနိုင်ခဲ့သည်။

တရုတ်-လာအိုရထားလမ်း၏ အကျိုးကျေးဇူးများနှင့် ချန်ဒူအပြည်ပြည်ဆိုင်ရာမီးရထားဆိပ်ကမ်း(Chengdu International Railway Port)၏အားသာချက်များကိုအသုံးချ၍ နှင်းသီး(longan)နှင့် မင်းကွတ်သီး(mangosteen)ကဲ့သို့သောအခြားလူကြိုက်များသည့် အပူပိုင်းဒေသသစ်သီးများကို ထပ်မံတင်သွင်းမည့် သစ်သီးအမျိုးအစားများအဖြစ် ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း စီချွမ် ပြည်နယ်အခြေစိုက် ပို့ကုန်/သွင်းကုန်ကုမ္ပဏီ၏ ပြောကြားချက်အရ သိရှိရသည်။ ယင်းသည် တရုတ်စားသုံးသူများအတွက် အရည်အသွေးပိုမိုကောင်းမွန်ပြီး ဈေးနှုန်းချိုသာသော အရှေ့တောင်အာရှထုတ်ကုန်များ ယူဆောင်ပေးနိုင်လိမ့်မည်ဖြစ်သည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0906/c90000-20363027.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News