နယူးဇီလန်နိုင်ငံ၏ ပြည်တွင်းလောင်စာသိုလှောင်နိုင်မှုအပေါ် အီရန်စစ်ပွဲ၏သက်ရောက်မှုများကြောင့်ထိခိုက်မှုများရှိလာနိုင်သည့်အတွက် နယူး ဇီလန်နိုင်ငံက မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် လောင်စာသိုလှောင်ရန် နည်းလမ်းရှာဖွေလျက်ရှိပါသည်။
နယူးဇီလန်နိုင်ငံ၏သဘာဝရင်းမြစ်များဆိုင်ရာဝန်ကြီးShane Jones က နိုင်ငံအတွင်း လောင်စာဆီကို အပိုဆောင်းသိမ်းဆည်းနိုင်ခြင်းမရှိကြောင်း၊ တာဝန်ရှိသူများက ကမ်းလွန်ရေနက်ပိုင်း၌ လောင်စာဆီ သိုလှောင်နိုင်မည့်အခြေအနေကို ရှာဖွေခဲ့ကြပြီး မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် လောင်စာသိုလှောင်ခြင်းကို နည်းလမ်းတစ်ခုအဖြစ် အကြံပြုခဲ့ကြပါသည်။
၂၀၂၂ ခုနှစ်၌ Auckland မြို့မြောက်ပိုင်း၊ Marsden Point ရှိ လောင်စာဆီချက်လုပ်သည့်စက်ရုံပိတ်သိမ်းပြီးနောက်တွင် နယူးဇီလန်နိုင်ငံအနေ ဖြင့် ၎င်း၏လောင်စာဆီသိုလှောင်နိုင်မှုပမာဏများစွာ ဆုံးရှုံးခဲ့ပါသည်။ စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတောင်ပိုင်းတို့သည် အာရှ၏ လောင်စာဆီချက်လုပ်ခြင်းနှင့် သိုလှောင်ခြင်းကို အဓိကဆောင်ရွက်သည့်နေရာများဖြစ်ပါသည်။
အရှေ့အလယ်အပိုင်းဒေသ၏ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့များအပေါ် များစွာမှီခိုနေရသော အာရှဒေသအတွက် အီရန်စစ်ပွဲနှင့် ဟော်မုတ်ဇ်ရေလက်ကြားပိတ်ဆို့မှုများသည် ဖိအားများစွာဖြစ်ပေါ်ခဲ့ပါသည်။ ယင်းအခြေအနေကြောင့် နိုင်ငံများအနေဖြင့် ပြည်တွင်း၌ လောင်စာသိမ်းဆည်းနိုင်ရန်နှင့် လောင်စာလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရသည့်အနေအထားဖြစ်လာခဲ့ပါသည်။
ဝန်ကြီး Jones က ပြည်ပတွင် လောင်စာသိုလှောင်ခြင်းကို နည်းလမ်းတစ်ခုအဖြစ် ရွေးချယ်ခဲ့ကြပြီး အရေးကြီးကုန်စည်များဖြစ်သည့် အစား အစာနှင့် စွမ်းအင်ဆိုင်ရာကုန်သွယ်မှုများအတွက် စင်ကာပူနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့က သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် အဆိုပါနည်းလမ်းကို ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
စင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံတို့တွင် ပြည်ပနိုင်ငံအနေဖြင့်လောင်စာ သိုလှောင်ခြင်းလာရောက်လုပ်ကိုင်ဆောင်ရွက်ခြင်းသည် အိမ်ရှင်နိုင်ငံများ၏ လောင်စာစွမ်းအင်ဆိုင်ရာ လုံခြုံမှုကို နည်းလမ်းတစ်ခုအနေဖြင့် အထောက်အပံ့ပြုနိုင်မည်ဖြစ်ပါသည်။ ထို့ပြင်ဒေသတွင်းယှဉ်ပြိုင်နိုင်စွမ်းတိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေနိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာခြင်း စသည်တို့ကိုလည်း ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)