International News

ပို့ကုန်ပို့ဆောင်ရေးအခက်အခဲများကြား ထိုင်း SME များကို ဈေးကွက်သစ်ရှာဖွေရန် တိုက်တွန်း

Last Updated:

၂၀၂၆ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော စီးပွားရေးသတင်းတစ်ရပ်အရ Thailand အတွင်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs)၏ပို့ကုန်လုပ်ငန်းများသည် ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးပုံစံပြောင်းလဲမှုများကြောင့် ထိခိုက်နိုင်ကြောင်း သတိပေးထားသည်။

Export-Import Bank of Thailand ၏ဥက္ကဌ Charat Rattana boonniti၏ပြောကြားချက်အရ စစ်ရေးတင်းမာမှုများကြောင့် ကုန်သွယ် ရေးလမ်းကြောင်းများပြောင်းလဲလာပြီး ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် လုပ်ငန်းစဉ်များပြောင်းလဲရမည်ဖြစ်ကြောင်း သိရသည်။ ယင်းကြောင့်သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များတိုးမြင့်လာပြီး အာမခံကြေးနှုန်းများနှင့် လောင်စာဆီဈေးနှုန်းများလည်း အပြောင်းအလဲမြန်ဆန်လာနေသည်။

ထို့ကြောင့် ပို့ကုန်ဈေးနှုန်း သတ်မှတ်ရာတွင် ကုန်ပစ္စည်းဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို ခွဲခြားတွက်ချက်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြုခဲ့သည်။ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို ပေါင်းစပ်ထည့်သွင်းသတ်မှတ်ပါက လောင်စာဆီဈေးနှုန်းမတည်ငြိမ်မှုကြောင့် အရှုံးပေါ်နိုင်ကြောင်းလည်း သတိပေးခဲ့သည်။

ထို့အပြင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် Free on Board(FOB)စနစ်ကိုအသုံးပြုရန် အကြံပြုထားပြီး ယင်းနည်းလမ်းဖြင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို ဝယ်ယူသူဘက်မှ တာဝန်ယူစေရန် ပြုလုပ်နိုင် သည်။ ဝယ်ယူသူများသည် မိမိဒေသအတွင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပိုမိုနားလည်ထားသောကြောင့် အကျိုးရှိစေနိုင်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် SMEs များအတွက် ကုန်ပမာဏနည်းပါးသော ပို့ကုန်များသည် ယခင်ကတည်းက စီးပွားရေးအရ မထိရောက်သေးကြောင်းနှင့် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်မြင့်တက်လာခြင်းကြောင့် ထိုပြဿနာပိုမိုပြင်းထန်လာကြောင်းလည်းထောက်ပြခဲ့သည်။ ထိုအခါတွင် ကုန်ပမာဏကြီးများဖြင့် ပို့ဆောင်နိုင်သည့် လုပ်ငန်းကြီးများသည် ကုန်ကျစရိတ်အနည်းဆုံးဖြင့် အကျိုးခံစားခွင့်ရရှိနေကြောင်း သိရသည်။

EXIM Bank မှ လုပ်ငန်းရှင်များအား လောင်စာဆီကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်းနှင့်အထက် မြင့်တက်လာပါက ကုန်ပို့ပုံစံများကို ပြန်လည်ညှိနှိုင်းရန် အကြံပြုထားသည်။ ထို့အပြင် ကုန်ပမာဏအနည်းငယ်ဖြင့် မကြာခဏပို့ခြင်းမှအစား ကုန်တင်ကားအပြည့်(full truckload)ဖြင့် ပို့ဆောင်ခြင်းသို့ ပြောင်းလဲရန်လိုအပ်ကြောင်းလည်း ထောက်ပြခဲ့သည်။

နည်းပညာအသုံးချမှုအဖြစ် GPS နှင့် Artificial Intelligence(AI)များကို အသုံးပြုကာ လမ်းကြောင်းများကို အကောင်းဆုံးစီမံခန့်ခွဲခြင်း၊ ယာဉ် ကြောပိတ်ဆို့မှုများကို ရှောင်ရှားခြင်းတို့ဖြင့် လောင်စာဆီသုံးစွဲမှုနှင့် အချိန်ကုန်ကျမှုများလျှော့ချနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။ ထို့အပြင် ကုန်တင်ကားများပြန်လည်လည်ပတ်ရာတွင် အလွတ်မသွားစေရန် backhauling စနစ်များကို အသုံးပြုသင့်ကြောင်းလည်း အကြံပြုထား သည်။

ကုန်ကြမ်းများကို ပြည်တွင်းမှ သို့မဟုတ် ဒေသအတွင်းမှ ရယူအသုံးပြုခြင်းဖြင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို ထပ်မံလျှော့ချနိုင်ကြောင်းနှင့် ပို့ဆောင်ရေးမိတ်ဖက်များ တိုးချဲ့ပူးပေါင်းခြင်းဖြင့် ဖြစ်ပေါ် လာနိုင်သည့် အခက်အခဲများကို ခွဲဝေခံစားနိုင်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးလျော့နည်းနေသောအခြေအနေတွင် ဝယ်ယူသူများက ဈေးနှုန်းညှိနှိုင်းမှုများတိုးမြှင့်လာနိုင်ပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အချို့ကို မျှဝေခံယူရန် တောင်းဆိုမှုများနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပို့ကုန်လုပ်ငန်းများအနေဖြင့် ပမာဏပိုမိုကြီးမားသော အမှာစာများရရှိစေရန် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်းလည်း ထောက်ပြခဲ့သည်။

ထို့အပြင် ပို့ကုန်ဈေးကွက်အသစ်များကို ရှာဖွေတိုးချဲ့ရန်လိုအပ်ကြောင်း နှင့် ထုတ်ကုန်များ၏ ထုပ်ပိုးမှု၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ရန်လိုအပ်ကြောင်းလည်း အကြံပြုထားသည်။

ယခုအခါစစ်ရေးတင်းမာမှုများကြောင့် ဒေသထွက်ပို့ကုန်ဈေးကွက်များအချို့ထိခိုက်နေပြီး United States နှင့် China သို့ ပိုမိုလှည့်ပြောင်းတင်ပို့နေကြောင်းသိရသည်။ ထို့ပြင် ဒေသအတွင်းအလားအလာကောင်း သော “VIP markets” အဖြစ် Vietnam၊ Indonesia နှင့် Philippines တို့ကို သတ်မှတ်ထားသည်။

နိုင်ငံတစ်ဝန်းရှိ SME လုပ်ငန်း ၃ သန်းခန့်ရှိသော်လည်း လက်ရှိတွင် ပို့ကုန်လုပ်ငန်းဆောင်ရွက်နိုင်သူများမှာ ၂ သောင်းမှ ၂.၁ သောင်းခန့်သာရှိနေကြောင်း EXIM Bank မှ ထုတ်ပြန်ထားသည်။

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News