International News

အသေးစားလုပ်ငန်းများအတွက် PCCI နှင့် SB Corp. တို့ ၇ ဘီလီယံတန်ဖိုးရှိ ချေးငွေအစီအစဉ်ချမှတ်

Last Updated:

ဖိလစ်ပိုင်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (The Philippine Chamber of Commerce and Industry-PCCI) နှင့် Small Business Corp. (SB Corp.)တို့သည် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုနှင့်ငွေကြေးဖောင်းပွမှုဒဏ်ကိုရင်ဆိုင်နေရသော အသေးစားလုပ်ငန်းများကို ကူညီရန်အတွက် ပီဆို ၇ ဘီလီယံတန်ဖိုးရှိ ချေးငွေအစီ အစဉ်တစ်ရပ်ကို စတင်လိုက်သည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုတွင် PCCI သည် အစိုးရပိုင် SB Corp. ၏ ချေးငွေဝန်ဆောင်မှုများအတွက် အဓိကချိတ်ဆက်ပေးမည့်အဖွဲ့အစည်းအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

PCCI ဥက္ကဋ္ဌ၏ပြောကြားချက်အရ အသင်းဝင်လုပ်ငန်းများ၏ ချေးငွေလျှောက်ထားမှုများကို စိစစ်ထောက်ခံပေးရန်အတွက် PCCI ၏ တစ်နိုင်ငံလုံးရှိဒေသန္တရအသင်းခွဲကွန်ရက်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ကုန်သွယ်ရေးနှင့် စက်မှုဦးစီးဌာန(Department of Trade and Industry-DTI)က ဦးဆောင်သည့် ဤအစီအစဉ်သည် အုပ်စု(၃)စုကို အဓိကပစ်မှတ်ထားထားပြီး ၎င်းတို့မှာ - အမျိုးသမီးဦးဆောင်သည့် စီးပွားရေးလုပ်ငန်းများ၊ ပို့ကုန်ဦးစားပေးလုပ်ငန်းများနှင့် ပြည်ပမှ ပြန်လာသော ဖိလစ်ပိုင်လုပ်သားများ(OFWs)တို့ဖြစ်ကြသည်။ ဤရန်ပုံ ငွေအစီအစဉ်သည် ဖိလစ်ပိုင်စီးပွားရေးလောကကို အများဆုံးကိုယ်စားပြုနေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSMEs)၏ ရင်းနှီးမြှုပ်နှံမှုအခက်အခဲများကို ဖြေရှင်းပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

အဆိုပါချေးငွေစနစ်တွင် လုပ်ငန်းများပါဝင်လာစေရန် အလွန်သက်သာသောစည်းကမ်းချက်များဖြင့် ကမ်းလှမ်းထားပြီး အချို့သော ချေးငွေအစီအစဉ်များတွင် အရင်းဆပ်ရန် ၁၂ လအထိ ဆိုင်းငံ့ကာလ(Grace Period)ပေးထားသည့်အပြင် ပုံမှန်တောင်းဆိုလေ့ရှိသောအပေါင်ပစ္စည်း (Collateral)မလိုဘဲ ချေးယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အရည်အချင်းပြည့်မီသော လုပ်ငန်းများသည် RISE UP ဟုခေါ်သော (Resilient, Innovative, Sustainable Enterprises)အစီအစဉ်မှတစ်ဆင့် ရန်ပုံငွေရယူနိုင်မည်ဖြစ်သည်။ PCCI ၏ထုတ်ပြန်ချက်အရ လုပ်ငန်းပမာဏနှင့် လိုအပ်ချက်ပေါ်မူတည်၍ တစ်ဦးချင်းချေးငွေပမာဏမှာ ပီဆို ၃၀ သန်းမှ ၅၀ သန်းအထိ ရရှိနိုင်ပါသည်။

ဖိလစ်ပိုင်စီးပွားရေး၏မဏ္ဍိုင်ဖြစ်သော MSMEs လုပ်ငန်းများအတွက် ဆန်းသစ်သော ဖြေရှင်းနည်းများရှာဖွေရာတွင် ပုဂ္ဂလိကကဏ္ဍသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၎င်းအပြင် အသင်းအနေဖြင့် အသေးစားလုပ်ငန်းများအပေါ် သက်ရောက်နေသော စွမ်းအင်စရိတ်များလျော့ကျစေရန်အတွက်လည်း အခြားသောနည်းလမ်းများကိုပါ ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

https://mb.com.ph/2026/04/24/pcci-sb-corp-set-7-billion-loan-program-for-small-firms

(အိသဇင်စိုး၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News