International News

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှုသည် ၁၀.၄ ရာခိုင် နှုန်းရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထား

Last Updated:

အမေရိကန်၏ အခွန်ကိစ္စရပ်ပိုမိုရှင်းလင်းလာခြင်း၊ ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်လာခြင်းနှင့် ဒီဂျစ်တယ်နည်းပညာထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်နှင့် အစားအစာထုတ်ကုန်များအတွက် ဝယ်လို အားမြင့်တက်လာသောကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ပို့ကုန်တိုးတက်မှုသည် ၉.၄ ရာခိုင်နှုန်းမှ ၁၀.၄ ရာခိုင်နှုန်းကြားရှိနိုင်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင့် ဗန်ကောက်ပို့စ်သတင်းစာတွင် “Exports expected to grow by up to 10.4%” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

စက်တင်ဘာလအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၃၀.၉ ဘီလီယံဖြင့် ၁၉ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သဖြင့် ၁၅ လဆက်တိုက်တိုးတက်မှုရှိခဲ့ပါကြောင်း၊ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၉.၆ ဘီလီယံဖြင့် ၁၇.၂ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပါကြောင်း၊ ယခုနှစ် ပထမ ၉ လအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၅၄.၁ ဘီလီယံနှင့် သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၅၄.၅ ဘီလီယံရှိခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း စိုက်ပျိုးရေးထုတ်ကုန်များနှင့်စက်မှုလယ်ယာထုတ်ကုန်များတွင် ကျဆင်းခဲ့သော်လည်း ပြုပြင်ပြီးကြက်သား၊ ဟင်းသီးဟင်းရွက်နှင့် တိရစ္ဆာန်အဆီ၊ ဂျုံထုတ်ကုန်များနှင့် ပြုပြင်ပြီးအစားအစာများ၊ သကြားနှင့် အေးခဲပုဇွန်စသည့် ကဏ္ဍအချို့တွင် တိုးတက်မှုကို မြင်တွေ့ခဲ့ရပါကြောင်း၊စက်မှုထုတ်ကုန်များ၏ပို့ကုန်သည် ၂၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အဓိကထုတ်ကုန်များမှာ ကွန်ပျူတာများ၊ Peripheral နှင့် အစိတ်အပိုင်းများ၊ မော်တော်ယာဉ်များ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ ဖုန်းများ၊ ယန္တရားများနှင့် လျှပ်စစ်ထရန်စဖော်မာတို့ဖြစ်ကြောင်း ကုန်သွယ် ရေးမူဝါဒနှင့်ဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် Mr. Nantapong Chiralerspong က ပြောကြားခဲ့သည်။

အမေရိကန်အခွန်အပေါ် ရှင်းလင်းမှုရှိလာပြီဖြစ်သဖြင့် စတုတ္ထ ၃ လပတ်တွင် ပို့ကုန်သည် တိုးတက်လာဖွယ်ရှိပြီး ထိုင်းနိုင်ငံသည် အခွန်နှုန်းထားအရ ယှဉ်ပြိုင်နိုင်ဆဲဖြစ်ကြောင်း၊ ထုတ်လုပ်မှုစွမ်းရည်များ တိုးတက်လာသောကြောင့် ကမ္ဘာ့စီးပွားရေးသည်လည်း ပြန်လည်ကောင်းမွန်လာလျက်ရှိရာ ဒီဂျစ်တယ်နည်းပညာစက်မှုတိုးတက်လာမှု သည် ပို့ကုန်ကို တွန်းအားပေးလျက်ရှိကြောင်း၊ ပို့ကုန်တိုးတက်မှုသည် ယခင်ခန့်မှန်းချက် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းကိုကျော်လွန်၍ ၉.၄ ရာခိုင်နှုန်းမှ ၁၀.၄ ရာခိုင်နှုန်းကြား တိုးတက်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခုနှစ်အတွင်း ပို့ကုန်စုစုပေါင်းတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၂၉.၁ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၃၃၂.၁ ဘီလီယံသို့ ရောက်ရှိရန် ခန့်မှန်းထားပါကြောင်း၊ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးလက်တုန့်ပြန်မှုဆောင်ရွက်ချက်များ၊ အမေရိကန်အစိုးရ ၏ရေရှည်ပိတ်ဆို့ထားနိုင်မှုဖြစ်နိုင်ခြေ၊ ဘတ်ငွေခိုင်မာနေမှုနှင့် မကြာသေးမီကလက်မှတ်ရေးထိုးခဲ့သည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ငြိမ်းချမ်း ရေးသဘောတူစာချုပ်တို့သည် စောင့်ကြည့်ရမည့်အချက်များဖြစ် ကြောင်း Mr. Nantapong က ထောက်ပြထားပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News