အိန္ဒိယနိုင်ငံ၏ အကြီးဆုံးသကြားလုပ်ငန်းအဖွဲ့အစည်းကြီးနှစ်ခုဖြစ်သည့် 'အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း'(Isma)နှင့် 'အမျိုးသားသမဝါယမသကြားစက်ရုံများအဖွဲ့ချုပ်'(NFCSF)တို့သည်တမီးလ်နာဒူးပြည်နယ်၊ကိုယမ်ဘာတို (Coimbatore)မြို့ရှိ ICAR-ကြံမျိုးမြှင့်တင်ရေးသိပ္ပံ(Sugarcane Breeding Institute - SBI)တွင် အဆင့်မြင့်ကြံသုတေသနလုပ်ငန်းများအတွက် သီးသန့် "အဆင့်မြင့်သုတေသနဗဟိုဌာန"(Centre of Excellence - CoE) တစ်ခုတည်ထောင်ပေးပါရန် ဗဟိုအစိုးရထံ ပူးတွဲတောင်းဆိုလိုက်ကြကြောင်း သိရှိရသည်။
အဆိုပါအဖွဲ့အစည်းများသည် လာမည့် ၂၀၂၇ ဘဏ္ဍာရေးနှစ်(FY27)မှစတင်၍ နောက်ထပ် ၅ နှစ်တာကာလအတွက် ယခုဗဟိုဌာနတည်ထောင်ရန်အတွက် ခန့်မှန်းခြေရူပီးငွေ ၈၇ ဒသမ ၉၄ ကုဋေ(သိန်းပေါင်း ၈,၇၀၀ ကျော်)ခွဲဝေချထားပေးရန်လျှောက်ထားကြခြင်းဖြစ်ကြောင်း သိရသည်။ လုပ်ငန်းရှင်အသင်းများမှ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး ရှစ်ဗ်ရာဂျ်ဆင်းဂ်ချောင်ဟန်(Shivraj Singh Chouhan)ထံသို့ ပူးတွဲတင်ပြခဲ့သောစာတွင် ယခုအဆိုပြုထားသော သုတေသနဌာနသည် မျိုးရိုးဗီဇပြုပြင်းခြင်း(Genome Editing)၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော မျိုးစိတ်များနှင့် ခေတ်မီမျိုးစေ့စနစ်များအပါအဝင် "မျိုးဆက်သစ် ကြံမျိုးမြှင့်တင်ရေးနည်းပညာများ"ကို အဓိကထားလုပ်ဆောင်သွားမည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
"ဥပမာအားဖြင့် ကြံပင်စည်နီပုပ်ရောဂါ(Red Rot Disease)ဟာ လက်ရှိကြံစိုက်ပျိုး ရေးမှာ အကျယ်ပြန့်ဆုံးကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပြီး အထွက်နှုန်းကျဆင်းတာ ဒါမှမဟုတ် တန့်နေတာမျိုးတွေကိုဖြစ်စေပါတယ်။ ဒီနေရာမှာ ရိုးရာမျိုးစပ်နည်းတွေနဲ့မတူဘဲ မျိုးရိုးဗီဇပြုပြင်ခြင်း(Genome Editing)နည်းပညာကို အသုံးပြုပြီး ကြံပင်ကို အဲဒီနီပုပ်ရောဂါဒဏ်ကို သဘာဝအလျောက် အလိုအလျောက်ခံနိုင်ရည်ရှိအောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်" ဟု ယခုစီမံကိန်းတွင် ပါဝင်သည့် အကြီးတန်းသိပ္ပံပညာရှင်တစ်ဦးက ရှင်းပြထားကြောင်း သိရှိရသည်။
ယခုလှုပ်ရှားမှုသည် ရာသီဥတုပြောင်းလဲမှုပိုမိုဆိုးရွားလာခြင်း၊ မိုးရွာသွန်းမှုမမှန်ခြင်း၊ စိုက်ပျိုးစရိတ်မြင့်တက်လာခြင်း၊ ပိုးမွှားနှင့် ရောဂါဘေးဒဏ်များအပြင် ကြံအထွက်နှုန်းတန့်နေခြင်းစသည့်စိန်ခေါ်မှုများကြောင့် ကြံစိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ၏အကျိုးအမြတ်ကို ထိခိုက်နေသည့် နောက်ခံအခြေအနေများအကြား ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ကြံအထွက်နှုန်းသည် တစ်ဟက်တာလျှင် ၈၀ မှ ၈၃ တန်ဝန်းကျင်တွင်သာရှိနေပြီး၊ တစ်ဖက်တွင်လည်း ဇီဝလောင်စာ(Ethanol)ထုတ်လုပ်မှုအတွက် ကြံကို လမ်းလွှဲအသုံးပြုမှုပိုမိုများပြားလာခြင်းကြောင့် ကြံလိုအပ်ချက်မှာ တိုးတက်လျက်ရှိသည်။ စိုက်ပျိုးရေးဒေသအများစုတွင် ကြံမျိုးစိတ်အနည်းငယ်အပေါ်၌သာ မှီခိုနေရခြင်းက ရောဂါကျရောက်နိုင်ခြေကိုပိုမိုမြင့်မားစေပြီး ရာသီဥတုဒဏ်ခံနိုင်စွမ်းကို လျော့နည်း စေကြောင်း ISMA နှင့် NFCSF တို့က ထောက်ပြထားကြောင်း သိရသည်။
အဆိုပြုထားသော "အဆင့်မြင့်သုတေသနဗဟိုဌာန"ဗဟိုဌာန(CoE)သည် အထွက်နှုန်းကောင်းမွန်ခြင်း၊ ရေအသုံးချမှုထိရောက်ခြင်းနှင့် ရောဂါဒဏ်ခံနိုင်ခြင်း စသည့်ကြံမျိုးကောင်းမျိုးသန့်များကို အရှိန်အဟုန်ဖြင့် သုတေသနပြု ဖြန့်ဖြူးပေးမည့် အမျိုးသားအဆင့် ပလတ်ဖောင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး ၎င်းဗဟိုဌာနသည် အောက်ပါအဆင့်မြင့်နည်းပညာများကို အသုံးချသွားမည်ဖြစ်ကြောင်း သိရသည် -
- Genome Sequencing & Genome Editing: မျိုးရိုးဗီဇအဆင့်မြှင့်တင်ခြင်း နည်းပညာများ။
- Phenomics & Bioinformatics: အပင်များ၏ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့် ဒေတာများ ကို ကွန်ပျူတာစနစ်ဖြင့် ဆန်းစစ်ခြင်း။
- Precision Seed Systems: တိကျသေချာသော အဆင့်မြင့်ခေတ်မီမျိုးစေ့ထုတ်လုပ်မှုစနစ်များ။
'အိန္ဒိယသကြားနှင့် ဇီဝစွမ်းအင်ထုတ်လုပ်သူများအသင်း'(Isma)နှင့် 'အမျိုးသားသမဝါယမသကြား စက်ရုံများအဖွဲ့ချုပ်'(NFCSF)တို့အနေဖြင့် ၎င်းတို့အဆိုပြုချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက အောက်ဖော်ပြပါအကျိုးပြုချက်များရရှိစေနိုင်မည်ဟု ဖော်ပြထားကြောင်း သိရှိရ သည်-
- တောင်သူ ၅၅ သန်းကျော် အကျိုးခံစားရခြင်း: ကြံစိုက်တောင်သူများ၏ ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ရာသီဥတုနှင့်ရောဂါဘေးကြောင့် ဖြစ်ပေါ်လာမည့် ဆုံးရှုံးနိုင်ခြေများကို လျှော့ချပေးနိုင်ဖြစ် ကြောင်း၊
- စိုက်ပျိုးရေးဝင်ငွေတည်ငြိမ်ခြင်း: သယံဇာတအသုံးချမှု ပိုမိုထိရောက် လာပြီး တောင်သူများ၏ မိသားစုဝင်ငွေကို တည်ငြိမ်လာစေမည်ဖြစ် ကြောင်း၊
- ဇီဝစွမ်းအင်ကဏ္ဍရေရှည်ဖွံ့ဖြိုးခြင်း: အိန္ဒိယနိုင်ငံ၏သကြားနှင့်ဇီဝစွမ်းအင်(Bio-energy) ကဏ္ဍ၏ရေရှည်တည်တံ့မှုနှင့်ကမ္ဘာ့ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည့်အပြင်၊ အမျိုးသားအဆင့် စိုက်ပျိုးရေးကဏ္ဍကြံ့ကြံ့ခံနိုင်ရည်ရှိမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များကိုပါ အထောက်အကူပြုနိုင်မည်ဟု သကြားလုပ်ငန်း ကဏ္ဍက ယုံကြည်ထားကြကြောင်း သိရှိရသည်။
Source: The Business Line: Sugar industry seeks Centre of Excellence for advanced sugarcane breeding
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)