International News

အယ်လ်နီညိုအန္တရာယ်ကြောင့် အိန္ဒိယအစိုးရ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးရေးအတွက် မြေသြဇာလိုအပ်ချက် လျှော့ချသတ်မှတ်

Last Updated:

အိန္ဒိယနိုင်ငံတွင် အယ်လ်နီညို(El Nino)ရာသီဥတုဖြစ်ပေါ်နိုင်ခြေရှိသည့်အခြေ အနေများကြောင့် အိန္ဒိယအစိုးရအနေဖြင့် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီး ၂၀၂၆ ခုနှစ် မိုးရာသီ(Kharif)စိုက်ပျိုးရေးအတွက် မြေသြဇာလိုအပ်ချက်ကို မူလခန့်မှန်းထားသည့် တန်ချိန် ၃၉ ဒသမ ၀၅ သန်းမှ ၃၈ ဒသမ ၃၉ သန်းအထိ လျှော့ချသတ်မှတ်လိုက်ကြောင်း သိရသည်။

ယူရီးယား(Urea)မြေသြဇာလိုအပ်ချက်မှာ ယခင်က တွက်ချက်ထားသည့် တန်ချိန် ၁၉ ဒသမ ၄၀ သန်းမှ ၁ ဒသမ ၉ ရာခိုင်နှုန်းခန့်လျော့နည်းသွားကာ လက်ရှိတွင် တန်ချိန် ၁၉ ဒသမ ၀၃ သန်းခန့်သာလိုအပ်တော့မည်ဖြစ်ကြောင်းသိရှိရသည်။ ထို့အတူ ဒိုင်အမ်မိုနီယမ်ဖော့စဖိတ်(DAP)မြေသြဇာလိုအပ်ချက်မှာလည်း ယခင်ခန့်မှန်းချက် တန်ချိန် ၅ ဒသမ ၉၁ သန်းမှ ၄ ဒသမ ၉ ရာခိုင်နှုန်းလျော့ကျသွားပြီး လက်ရှိတွင် တန်ချိန် ၅ ဒသမ ၆၂ သန်းသာလိုအပ်တော့မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ မြေသြဇာအရန်သိုလှောင်ထားရှိမှုတန်ချိန် ၁၉ ဒသမ ၉၈ သန်းခန့်ရှိနေသဖြင့် ယခုပြန်လည်ပြင်ဆင်သတ်မှတ်လိုက်သော စုစုပေါင်းလိုအပ်ချက်၏ ၅၂ ရာခိုင်နှုန်းနီးပါးကို လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ် ကြောင်းသိရသည်။ အစိုးရ၏ထုတ်ပြန်ချက်တွင် "ဒါဟာ အစိုးရရဲ့ပိုမိုကောင်းမွန်တဲ့ စီမံကိန်းချမှတ်မှု၊ ကြိုတင်သိုလှောင်မှုနဲ့ ထိရောက်တဲ့ ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုတွေကြောင့်ဖြစ်ပါတယ်" ဟု ဖော်ပြခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် အရှေ့အလယ်ပိုင်းဒေသအကျပ်အတည်းများစတင်ဖြစ်ပွားစဉ်မှစ၍ အိန္ဒိယအစိုးရအနေဖြင့် ပြည်ပမှတင်သွင်းမှုနှင့် ပြည်တွင်းထုတ်လုပ်မှုများမှတစ်ဆင့် စုစုပေါင်းမြေသြဇာတန်ချိန် ၁၃ ဒသမ ၂၄ သန်းကို ဖြည့်တင်းပေးနိုင်ခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံသည် အဆိုပါအကျပ်အတည်းကာလအတွင်း တင်ဒါစနစ်များမှတစ်ဆင့် ယူရီးယားတန်ချိန် ၂ ဒသမ ၅ သန်း၊ DAP တန်ချိန် ၁ ဒသမ ၅ သန်းနှင့် NPKS တန်ချိန် ၁ သန်းတို့ကို မှာယူရရှိထားပြီးဖြစ်ကာ ၎င်းတို့သည် လာမည့်ဇွန်လနှင့် ဇူလိုင်လများတွင် အိန္ဒိယဆိပ်ကမ်းများသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် တန်ချိန် ၁ ဒသမ ၇ သန်းရှိသော ယူရီးယားမြေသြဇာအတွက် နိုင်ငံ တကာတင်ဒါခေါ်ယူမှုကိုလည်း ဆောင်ရွက်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်မေလအတွင်းကလည်း အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ယူရီးယားတန်ချိန် ၂ ဒသမ ၅၁ သန်းအထိထုတ်လုပ်နိုင်ခဲ့ပြီး ယမန်နှစ် မေလကထက် တန်ချိန် ၀ ဒသမ ၂၈ သန်းပိုမိုထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယမိုးလေဝသဌာန(IMD)၏မေလနောက်ဆုံးအပတ်၌ ထုတ်ပြန်ခဲ့သော မိုးလေ ဝသခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် မိုးရွာသွန်းမှုပမာဏသည် ရေရှည်ပျမ်းမျှမိုးရေချိန် (Long Period Average - LPA)၏ ၉၂ ရာခိုင်နှုန်းရှိမည်ဟု ယခင်က ခန့်မှန်းထားရာမှ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းအထိလျှော့ချခန့်မှန်းထားသည်။ သို့ဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမှုမှာ "ပုံမှန်အောက်"သာရှိနိုင်ကြောင်း ညွှန်ပြနေကြောင်းသိရသည်။ အဆိုပါခန့်မှန်းချက်များအတိုင်းသာ ဖြစ်ပွားလာပါက ၂၀၂၆ ခုနှစ်သည် တစ်ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အိန္ဒိယနိုင်ငံ၏ အခြောက်သွေ့ဆုံးမိုးရာသီဖြစ်လာမည်ဖြစ် ကြောင်းသိရသည်။  

အိန္ဒိယမိုးလေဝသဌာန(IMD)၏ခန့်မှန်းချက်သာ အပေါင်း/အနုတ် ၄ ရာခိုင်နှုန်းခန့်ကွဲလွဲမှုရှိနိုင်ပြီး ယခုကဲ့သို့မိုးရွာသွန်းမှု ပုံမှန်အောက်လျော့နည်းမည့် ခန့်မှန်းချက်မှာ ယခုရာသီအတွင်း အယ်လ်နီညိုဖြစ်စဉ် အားကောင်းလာနိုင်ခြင်းကြောင့်ဖြစ် ကြောင်းသိရသည်။ သို့သော်လည်း အိန္ဒိယမိုးရာသီအပေါ် သက်ရောက်မှုရှိသည့် အခြားအချက်တစ်ခုဖြစ်သော အိန္ဒိယသမုဒ္ဒရာဒီပိုး(Indian Ocean Dipole) မှာမူ ယခုရာသီအတွင်း "ကြားနေ"(Neutral)အဆင့်တွင်သာ ရှိနေမည်ဟုမျှော်လင့်ရကြောင်းသိရပြီး ၁၉၇၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အချက်အလက်များအပေါ် အခြေခံထားသည့် အိန္ဒိယနိုင်ငံ၏ ရေရှည်ပျမ်းမျှမိုးရေချိန်(LPA)မှာ ၈၇ စင်တီမီတာဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုများ

မိုးလေဝသဌာန၏ခန့်မှန်းချက်အရ ယခုနှစ်တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှလွဲ၍ ကျန်သည့် မည်သည့်ဒေသတွင်မှ မိုးရွာသွန်းမှု "ပုံမှန်"အတိုင်းရရှိနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ ပို၍စိုးရိမ်စရာကောင်းသည်မှာ အိန္ဒိယနိုင်ငံ၏ မိုးရေကို အဓိကအားထားရသည့် စိုက်ပျိုးရေးဇုန်ကြီး (Core Monsoon Zone)တွင် ယခုနှစ် အနောက်တောင်မိုးရာသီရွာသွန်းမှုသည် ရေရှည်ပျမ်းမျှမိုးရေချိန် (LPA)၏ ၉၄ ရာခိုင်နှုန်းအောက်သာရှိနိုင်သဖြင့် "ပုံမှန်အောက်"များစွာလျော့နည်းသွားနိုင်ကြောင်း ဒေသတွင်းမိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ မိုးရေအဓိကအားထားရသော စိုက်ပျိုးရေးဇုန်အများစုသည် အိန္ဒိယနိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် တည်ရှိနေသဖြင့် ယခုကဲ့သို့မိုးခေါင်ရေရှားမှုဖြစ်လာပါက ပဲမျိုးစုံ၊ ပဲပုတ်၊ ပဲစင်းငုံ၊ မတ်ပဲ၊ ဂွမ်း(ဝါဂွမ်း)၊ ကြံနှင့် အချို့သောကောက်ပဲသီးနှံများအပါအဝင် အဓိကစိုက်ပျိုးသီးနှံများထုတ်လုပ်မှုကို ဆိုးရွားစွာထိခိုက်ပျက်စီးစေနိုင်ကြောင်း သိရှိရသည်။

Source: The Business Line: India scales down kharif 2026 fertiliser requirement to 38.39 mn tonnes

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: International News